လက်ဝှေ့ မြန်မာ့ လက်ရွေးစင် ရွှေကျားတင်မောင်

 ရွှေကျားတင်မောင် (ခေါ်) မို့ဟမ္မဒ် အစ္စမာအီလ်သည် ဖခင်ဦးဂဖား (ခေါ်) ဦးကိုလေး နှင့် မိခင် ဒေါ်ဖွာတီတို့မှ ရမည်းသင်းမြို့၊ ၀ါတိုးရပ် အနောက်ပိုင်း၌ ၁၉၃၆- ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း (၆) ယောက်အနက် ဒုတိယသားဖြစ်သည်။

အစ်ကို ဦးမြသောင်းသည် မန္တလေးတိုင်း သေနတ်ပစ်အသင်းအတွင်းရေးမှူးနှင့် လက်ရွေးစင်ဖြစ်သည်။ ညီတော်သူ ဦးချစ်ထွန်းသည် မန္တလေးတိုင်း ဘတ်စကက်ဘောလက်ရွေးစင်နှင့် ဘောလုံးလက်ရွေးစင် ဂိုးသမားဖြစ်သည်။ ညီအငယ်ဆုံး ဦးအောင်မြင့်မှာ မြန်မာ့မီးရထားရုံပိုင်ကြီးဖြစ်သည်။

ရွှေကျားတင်မောင်သည် မန္တလေးမြို့၊ အမှတ် (၃) အ.ထ.ကတွင် (၈)တန်းအထိ၊ အမှတ်(၂) အ.ထ.က (အမျိုးသားကျောင်း)တွင် ဒသမတန်းကို ၁၉၅၇-ခုနှစ်အထိ တက်ရောက်ပညာဆည်းပူးခဲ့သည်။ ကျားဘညိမ်း၏ ရွှေကျားလက်ဝှေ့အသင်းတွင် လက်ဝှေ့ပညာဆည်းပူးခဲ့ပြီး ကလောင်အမည်ကိုလည်း တင်မောင် (ရွှေကျား) ဟုမှည့်ခဲ့သည်။

၁၉၅၂-ခုနှစ်တွင် ဂျူနီယာဖလိုင်းဝိတ်ချန်ပီယံဆု ရရှိသည်။ ၁၉၅၅-၅၆ ခုနှစ်က မန္တလေးရဲအတတ်သင် သိပ္ပံကျောင်း၌ (၆)လသင်တန်း၊ ၁၉၅၇- မှ ၁၉၆၂ အထိ ပေါက်မြိုင်(အ.လ.က) တွင်....
 shwe_kyar_tin_mg.jpg


ကာယဆရာအဖြစ် တာဝန်ထမ်းဆောင်ရင်း အင်္ဂလိပ်လက်ဝှေ့ကို ထူးချွန်စွာထိုးသတ်ခဲ့၍ မြန်မာပြည် ချန်ပီယံဆုများဆွတ်ခူးရရှိခဲ့သည်။

၁၉၅၈-၁၉၆၁-၁၉၆၂-၁၉၆၄ (၄)နှစ် ဆက်တိုက် “လိုက်ဝေါ်လ်တာဝိတ်” တန်း မြန်မာပြည်ချန်ပီယံဆုဆွတ်ခူးခဲ့၍ လက်ဝှေ့အဖွဲ့ချုပ်မှ ရွှေကျားတင်မောင်ကို ရွှေစင်ရုပ်ဆု အပိုင်ချီးမြှင့်ခဲ့သည်။ ဆရာကျားဘညိမ်း၊ ရှူးဂါး မဂျစ် (ဆေးကျောင်း)၊ လှညွန့်(ရေတပ်)၊ သန်းထွန်း (မန္တလေး)တို့လည်း ယင်းဆုရရှိခဲ့သည်။ ဒုတိယအကြိမ် အရှေ့တောင်အာရှပွဲတွင် “လိုက်ဝေါ်တာဝိတ်တန်း” ၌ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။

မြန်မာ့လက်ရွေးစင်အဖြစ် ပါကစ္စတန်၊ ယိုးဒယား၊ ကမ္ဘောဒီးယားလက်ဝှေ့ပွဲများတွင် အရွေးချယ်ခံခဲ့ရသည်။ ၁၉၆၄ ခု၌ ဆရာဖြစ်သူကျားဘညိမ်း ရန်ကုန်သို့ ပြောင်းရွေ့အမှုထမ်းသောကာလတွင် ရွှေကျားတင်မောင်သည် ရွှေကျားလက်ဝှေ့အသင်း၌ ကြီးကြပ်ကွပ်ကဲခဲ့သည်။

ရွှေကျားတင်မောင်သည် ၁၉၅၇-ခုနှစ်မှ ၁၉၉၃-ခုနှစ်အထိ မန္တလေးတိုင်းလက်ဝှေ့ ဆပ်ကော်မတီ-အတွင်းရေးမှူး၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် တရားသူကြီး၊ မန္တလေးတိုင်း ကျောင်းသားပွဲတော် ဘတ်စကက်ဘော အတွင်းရေးမှူး၊ မန္တလေးတိုင်း အ-သုံးလုံးကြေ အတွင်းရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့သည်။

မြို့တော်ဝန် ဦးမြသောင်း၊ စည်ပင်အလုပ်ဝန်တို့က တာဝန်ပေး၍ ၁၉၅၇-ခုနှစ်မှစ၍ မန္တလေးတိုင်းအတွင်း မိုးကုတ်၊ ပျဉ်းမနား၊ ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္ထီလာမြို့များ၌ လက်ဝှေ့ပွဲများတာဝန်ယူ ကျင်းပပေးခဲ့သည်။ ရွှေကျားတင်မောင် မွေးထုတ်ခဲ့သော လက်ဝှေ့သမားများအနက် ဆီးဂိမ်းပြိုင်ပွဲ ငွေတံဆိပ်ဆုရ ဇော်မျိုးမင်း၊ လူချော (ခေါ်) သန်းဇော်ထွေး၊ မန္တလေး အား/ကာသိပ္ပံမှ ကိုမျိုးနှင့် စည်သူတို့ ပါဝင်လေသည်။

ရွှေကျားတင်မောင်သည် ပထမဇနီး ဒေါ်တီမာ (ခေါ်) ဒေါ်မမလေးမှ သားသမီး(၉) ဦး ထွန်းကားပြီး ၄င်းဇနီး ၁၉၉၅-ခုတွင် ကွယ်လွန်သည်။ ဒုတိယဇနီး ဒေါ်စိန်စိန်နှင့် သားသမီး (၅)ဦး ထွန်းကားသည်။ ၄င်းသည် ယခုအခါ မန္တလေးမြို့၊ စကြာနွယ်စဉ်ရပ်၊ ဆူးလေပလီဝင်း အရှေ့ပေါက်တွင် ဇနီး၊ သားသမီးများနှင့်အတူ နေထိုင်လျက်ရှိသည်။

ရွှေကျားဦးတင်မောင်သည် မြန်မာ့မီးရထားတွင် “ရထား/မန်း” အမည်ဖြင့်လည်းကောင်း၊ ကျောင်းပေါင်းစုံ လက်ဝှေ့ပွဲများ၊ တိုင်းအား/ကာ၊ မန္တလေးတိုင်း ပြည်ခိုင်ဖြိုး၊ ရွှေကျားလက်ဝှေ့အသင်းတို့ကို ဦးဆောင်၍ လက်ဝှေ့နည်းပြတာဝန် ထမ်းဆောင်လျက်ရှိရာ အမိမြန်မာနိုင်ငံ၏ ဂုဏ်ဆောင်မန္တလေး-မွတ်စလင်မ် လက်ဝှေ့အကျော်အမော် ကြယ်တစ်ပွင့်အဖြစ် ဂုဏ်ပြုဖော်ပြအပ်ပါသည်။

မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ စိန်ရတု မဂ္ဂဇင်း
-->
Read/Post Comment: 0 Tuesday 09 February 2010 - 06:42:39 | email to someone printer friendly
Myanmar Muslim Net
Theme created by Free-Source.net