ဝီရသူ ပုံပြင်။… ရှက်တတ်ရင် ရှက်ကြလေသတည်း

ရပ်ရွာထဲမှာ အိမ်တစ်အိမ် ရှိတယ်ဗျာ။ ဒီအိမ်မှာ ရှိတဲ့ သားတစ်ယောက်က သူ့အောက်က ညီ၊ညီမ တွေကိုလည်း သိပ်အနိုင်ကျင့်တယ်။ ရပ်ထဲရွာထဲမယ်လည်း လှည့်ပတ်သွားလာပြီး စီကနဲဆိုကြည့်လိုက် သူပဲ။ သူသွားလေရာ နေရာတိုင်းမှာ ရန်ပွဲဖြစ်တယ်။ မီးလောင်မှုဖြစ်တယ်။ ဖောက်ထွင်းမှုဖြစ်တယ်။ လူသတ်မှုဖြစ်တယ်။ အိုဗျာ စုံလို့။ သူသွားလေရ၊ ရောက်လေရာနေရာတိုင်းမယ် ဘယ်သူမှ မငြိမ်းချမ်းဘူး။ လူတိုင်း ကျီးလန့်စာစား ဖြစ်နေရတယ်။ သူကတော့ ပြောရှာပါတယ်။ သူက ငြိမ်းချမ်းရေးသမားတဲ့။

လုတယ်၊ သတ်တယ်၊ မီးရှို့တယ်။ ပေါ်တင်ရိုက်လုတယ်။ လူတကာ ကို မိုက်ကြေးခွဲတယ်။ အိုဗျာ နောက်ထပ်လည်း အများကြီး ရှိသေးတယ်။ ဒါကို ရပ်ကွက်ရုံးက လူကြီးတွေနဲ့ ရပ်မိရပ်ဖ များက ဒီသားဆိုးနဲ့ သူ့နောက်လိုက်တွေကို ဆုံးမ ပဲ့ပြင်ပေးဖို့၊ သူ့ကြောင့် နစ်နာသွားရသူတွေရဲ့ မိသားစု တွေကို နှစ်သိမ့် အောင် တောင်းပန်ပေးဖို့ …. ဘာညာပေါ့ဗျာ။နောင်ထပ်မဖြစ်အောင် တားမြစ်ပေးဖို့ အို …စုံ လို့ပါပဲ။ ပြောကြပင် ပြောကြသော်ငြားလည်း ဒီအိမ်က အိမ်ထောင်ဦးစီးရော၊ မိသားစုဝင် အတော်များများကပါ ကြိတ်ပြီး ပြုံးနေကြတယ်ဗျာ။ ကွယ်ရာမှာ မြှောက်တောင်ပေးလိုက်သေးတယ်။ ဒီမှာ ဒီကောင် က ပိုရောင့်တက်လာပါလေရော။
သတိပေးတာပေါ့ဗျာ။ ဒီမယ် မလွှဲမရှောင်သာ ဒီကောင် ဟာ ဘယ်အိမ် ကပါ ဆိုပြီး အိမ်လိပ်စာ အတိအကျ ကိုပါ ထည့်ရတော့တာပေါ့။ သူ့နာမည် လည်း ပါသပေါ့လေ

ဟာ .. ဒီမှာတင်ပဲ ခုနင် က ဒီကောင် ဆိုးသမျှ၊ ယုတ်သမျှ တွေမှာ ဘာတစ်လုံးမှ မဝေဘန် မပိုင်းခြားပဲ မြှောက်ထိုးပင့်ကော် လုပ်ပေးနေတဲ့ မိဘ နဲ့ သူ့ညီကိုတော် များက ဒေါသူပုန်ထပြီး ပေါက်ကွဲပါလေရောဗျာ။ ပြီးတော့ ဒီလို နို့တစ်ဘုတ် မှာ နာမည် ၊ အိပ်လိပ်စာတပ် ပြီး သိက္ခာချရကောင်းလားပေါ့ ။ ငါ့တို့ သိက္ခာကျတယ် ဘာညာ။ ငါတို့က ငါတို့ သိက္ခာနဲ့ နေနေတာကို လာနာမည် ဖျက်တယ်ပေါ့လေ။ ၀ိုင်းဆူပူကြ။ အော်ဟစ်ကြပေါ့။ ဒါပေမဲ့ သူတို့ အိမ်ဝိုင်းထဲမှာပါပဲ။ ၀ိုင်းအပြင်ထွက်ပြီးတော့ ဘယ်အော်ရဲပါ့မတုန်းဗျာ။ သူများက သောက်ညင်ကပ်နေတာ ၀ိုင်းသမမှာပေါ့။ ဒီတော့ ကိုယ့်မိသားစု တွေ ကြားယုံပဲ အော်ဟစ် ရန်တွေ့ရတော့တာပေါ့။ ဒါပါပဲ။ ဘယ်သူမှလည်း အထင်မကြီးပါဘူး။

သူတို့ကတော့ ရုံးတိုင်မယ် ၊ဂတ်တိုင်မယ်၊ ဘာလုပ်လိုက်မယ်၊ ညာလုပ်လိုက်မယ်၊ ငါတို့အဖေ ဘယ်သူဆိုတာ မသိဘူးလား…. ဘာညာ၊ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်ပေါ့ဗျာ။ ဟိန်းတာဟောက်တာပေါ့။ ဒါပေမဲ့ သူတို့က တစ်ရပ်ကွက်လုံး ကငွေတိုး အကြွေးတွေနဲ့လည်း မကင်းကြဘူးလေ။ ပြန်လည်း မဆပ်နိုင်လို့ ဒေ၀ါလီခံထားရသူတွေ။ အေးဗျာ ကျန်တာတော့ ခင်ဗျားပဲ ဆက်စဉ်းစားကြည့်ပေါ့။

Robert Elhose