မြန်မာနိုင်ငံက အတောမသတ်နိုင်တော့တဲ့ အရေးအခင်းတွေကြောင့် သူတို့ရဲ့ရွာတွေကို ဆုံးရှုံးခဲ့ရပြီလို့ရိုဟင်ဂျာတွေဆို

စစ်သားတွေဟာ အရင်ဆုံးရောက်လာပြီး မဆင်မခြင် ပစ်ခတ်ကြတယ်လို့ ရွာသားတွေက ဆိုပါတယ်။ နောက်မှအရပ်သားတွေက စစ်သားတွေနဲ့ အတူပါလာပြီး ပစ္စည်းတွေလုယက်ပြီး မီးရှို့ကြတယ်လို့ ဆိုပါတယ်။
အခု ဘင်္ဂလားဒေ့ရှ်မှာ မွတ်စလင်နဲ့ ဟိန္နူအယောက်၂၀ဟာ သြဂုတ်လ၂၅ရက်နေ့ရခိုင်ပြည်နယ်က သူတို့ရဲ့ရွာ ခမောက်ဆိပ်ကနေ ဘယ်လိုထွက်ပြေးခဲ့ရလဲဆိုတာကို အင်တာဗျူးပြောဆိုခဲ့ကြပါတယ်။ “စစ်တပ်က ဗုဒ္ဓဘာသာ ရခိုင်တစ်ချို့ကိုခေါ်လာပြီး ရွာကိုမီးရှို့ခဲ့တယ်”လို့ အသက်၅၅နှစ်အရွယ် ခါဒီလ်ဟူစိန် ကပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ရွာက မွတ်စလင်အားလုံး လူပေါင်း တစ်ထောင်ခန့် ထွက်ပြေးခဲ့ရပါတယ်။ တစ်ချို့ဟာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး ကျန်တဲ့သူတွေက ဒီကိုရောက်လာခဲ့တာပါ။ ဘယ်သူ တစ်ဦးတစ်ယောက်မှ မကျန်ခဲ့ဘူး” လို့သူက ဆက်လက်ပြောကြားခဲ့ပါတယ်။ ဟူစိန်ဟာ အစောပိုင်းကတည်းက ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာထောင်ပေါင်းများစွာရှိတဲ့ ကူတာပလောင် ဒုက္ခသည်စခန်းကို တစ်ခြားသူတွေနဲ့အတူ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ARSA သောင်းကျန်းသူတွေရခိုင်ပြည်နယ်က လုံခြုံရေးတပ်ဖွဲ့တွေကို ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့ သြဂုတ် ၂၅ရက်နေ့ကတည်းက ရိုဟင်ဂျာ ၁သိန်း၅သောင်း နီးပါးရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ခမောက်ဆိပ်နဲ့ အိမ်နီးချင်း ရွာသိမ်ရွာငယ်တွေက ရွာသားတွေနဲ့ ရိုက်တာသတင်းဌာနက အင်တာဗျူးပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူတို့တွေက သောင်းကျန်းသူတွေရဲ့ တိုက်ခိုက်မှုကို စစ်တပ်ရဲ့တုံ့ပြန်မှုအတွင်း အိမ်တွေမီးရှို့ခံရသလို သတ်ဖြတ်ခံခဲ့ရတဲ့ အကြောင်းတွေကိုဖော်ပြပြောဆိုကြပါတယ်။
အရေအတွက်ကို ရိုက်တာသတင်းဌာနက အတည်မပြုနိုင်သေးပါဘူး။ အဲဒီနေရာ ၀န်းကျင်တွေကိုအောက်တိုဘာလ ကတည်းက တင်းကျပ်ထားခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့တပ်ဖွဲ့တွေဟာ အကြမ်းဖက်သမားတွေ ကိုတိုက်ခိုက်နေတာဖြစ်တယ်လို့မြန်မာက ဆိုပါတယ်။ ရိုဟင်ဂျာသောင်းကျန်းသူတွေက ရွာတွေကိုမီးရှို့ပြီး ဘာသာပေါင်းစုံက အရပ်သားအားလုံးကို သတ်ဖြတ်နေတာဖြစ်တယ်လို့ ပြည်နယ် သတင်းဌာနတွေက စွပ်စွဲထားပါတယ်။
၁.၁သန်းသော ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ်မြန်မာက အသိအမှတ်ပြုထားခြင်း မရှိပါဘူး။ သူတို့တွေကို ဘင်္ဂလားဒေ့ရှ်က တရားမ၀င် ၀င်ရောက်လာသူတွေအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ ခမောက်ဆိပ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခွင်ကမြောက်များစွာသော တစ်ခြားရွာတွေ ကဒုက္ခသည်တွေက မြန်မာတပ်ဖွဲ့ဝင်တွေနဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေက သူတို့ကိုဖိအားပေး အတင်းမောင်းထုတ်ခဲ့ကြတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ အသက်၂၈နှ စ်အရွယ်ဒုက္ခသည် တစ်ဦးဖြစ်သူ ဘော်ဒီအလွမ်က စစ်သားတွေရောက်ရှိလာချိန်မှာ တစ်ခြားသူထောင်ပေါင်းများစွာနဲ့အတူ တောထဲမှာ ပုန်းခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။ သူ့မိသားစုကို ရှာဖို့မထွက်ခင်ထိ နာရီပေါင်းများစွာစောင့်ဆိုင်းနေခဲ့ရတာလို့ ပြောကြားခဲ့ပါတယ်။
လယ်ကွင်းတွေထဲမှာ အလောင်းတွေကိုမြင်တွေ့ခဲ့ရသလို နောက်ဆုံးမှာ သေနတ်ဒဏ်ရာနဲ့သေဆုံးနေတဲ့ သူ့မိခင်နဲ့ ညီငယ်လေးကိုတွေ့ခဲ့ရပါတယ် လို့သူကပြန်လည်ပြောပြခဲ့ပါတယ်။ လယ်ကွင်းထဲမှာ အလောင်းတွေကိုမြင်တွေ့ခဲ့ရတယ်လို့ တစ်ခြားရွာသားနှစ်ယောက်ကလည်းဆိုပါတယ်။ “လုံခြုံမှုမရှိတာကြောင့် ဒီအတိုင်းထားခဲ့ရတယ်။ သူတို့ကိုမြေမြုပ် သဂြိုလ်ပေးဖို့ကိုတောင် အခွင့်အရေး မရခဲ့ဘူး”လို့ ဘော်ဒီကဆိုပါတယ်။
ဗုဒ္ဓဘာသာဝင်အရပ်သားတွေ ကအာဏာပိုင်တွေနဲ့အတူ လုပ်ဆောင်နေတာကို စစ်တပ် တာဝန်ရှိသူကငြင်းဆန်ခဲ့ပြီး အဲဒီအစားမွတ်စလင်တွေက တစ်ခြားအဖွဲ့အစည်းတွေကိုတိုက်ခိုက်နေတာလို့ စွပ်စွဲထားပါတယ်။ နောက်ပိုင်း စစ်တပ်က ရွာကိုရောက်လာတယ် ဒါပေမယ့်ဘယ်အလောင်းမှ မတွေ့ခဲ့ဘူးလို့ အမည်မဖော်လိုတဲ့ စစ်တပ်ပိုင်းကတစ်ယောက်ကဆိုပါတယ်။
ပြည်နယ်မြို့တော်က နောက်ထပ်စစ်တပ်ပိုင်းတာဝန်ရှိသူတစ်ယောက်က ခမောက်ဆိပ်က အရေးအခင်းဇုန်ထဲမှာရှိနေပြီး ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့အချက်အလက်တွေ ထွက်ပေါ်ခြင်း မရှိသေးဘူးလို့ဆိုပါတယ်။
ခမောက်ဆိပ်ရဲ့အဓိကရွာကြီးဟာ ရိုဟင်ဂျာမွတ်စလင်တွေနဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်၆ထောင်နဲ့ ဟိန္နူနဲ့တစ်ခြား လူမျိုးတွေစုပေါင်းနေထိုင်ကြတဲ့ရွာကြီးဖြစ်ပါတယ်။ ဒီရွာကို ဖီအိုရာဘာဇာလို့လူသိများပြီး ဈေးဆိုင်ပေါင်း၁ထောင်ခန့် ရှိပြီး လူတိုင်း အလုပ်လုပ်ကိုင်ဆောင်ရွက်ကြပါတယ်။ ဒါပေမယ့် ဆက်ဆံရေးတွေဟာ တစ်ခါတလေတင်းမာမှုတွေ ရှိခဲ့ပါတယ်။
ဟိန္နူတွေကိုနိုင်ငံသားပေးအပ်ဖို့ အစိုးရရဲ့အစီအစဉ်တစ်ရပ်ဖြစ်ပြီး ၂၀၁၂အကြမ်းဖက်မှုတွေနဲ့ အောက်တိုဘာ အဖြစ်အပျက်တွေကြောင့် ရိုဟင်ဂျာတွေဟာငြင်းပယ်ခံရပြီးနိုင်ငံခြားသားအဖြစ် တင်သွင်းခံခဲ့ရကာ တင်းမာမှုတွေမြင့်တက်လာစေခဲ့တယ်လို့ ဒုက္ခသည်တွေကဆိုပါတယ်။
“အောက်တိုဘာကတည်းက စစ်သားတွေဟာ နယ်ခြားစောင့်ရဲတွေနဲ့အတူ ရွာနားမှာစခန်းချခဲ့ပါတယ်။ တစ်အိမ်တက်ဆင်း စစ်ဆေးခဲ့ပြီး သောင်းကျန်းသူတွေနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူမှန်သမျှကို ဖမ်းဆီးခဲ့တယ်”လို့ သူတို့ကပြောကြားခဲ့ပါတယ်။ အသက် ၃၁နှစ်အရွယ် အဘူကာလမ်က သူ့ရဲ့ကျော လက်တွေနဲ့ခြေထောက်တွေက ဒဏ်ရာတွေကို ပြသခဲ့ပြီး သူ့ရဲ့လက်တွေကို စီးကရက်မီးနဲ့ထိုးခံခဲ့ရတယ်လို့ ဆိုပါတယ်။ သူဟာပြီးခဲ့တဲ့လက စစ်တပ်ရဲ့ထိန်းသိမ်းမှုကိုခံခဲ့ရပါတယ်။
သူ့ရဲ့အသီးအရွက် စိုက်ခင်းမှာဓားကိုင်အသုံးပြုနေတုန်း ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
“အောက်တိုဘာပြီးတဲ့နောက် ဓားတွေ မထားဖို့စစ်တပ်က ကျွန်တော်တို့ကိုပြောပါတယ်။ကျွန်တော် အသုံးပြုနေတာတွေ့တဲ့အခါ ကျွန်တော့်ကိုဖမ်းဆီးခဲ့တာပဲ”လို့ သူကပြောကြားခဲ့ပါတယ်။ “သူတို့က ပုံမှန်လိုကျွန်တော့်ကိုနှိ ပ်စက်တယ်။ ပြီးတော့ အဲလ်ယကင်အဖွဲ့နဲ့ဆက်နွယ်မှုရှိနေလားဆိုတာမေးတယ်”လို့ သူကပြောပြပါတယ်။ ခမောက်ဆိပ်ကရွာသားတွေဟာ သြဂုတ်၂၅ရက်နေ့မှာ သေနတ်ပစ်သံတွေ ကိုကြားခဲ့ရတယ်လို့ဆိုပါတယ်။ မောက်တောမြို့စစ်တပ်ထဲက တာဝန်ရှိသူနဲ့ မွတ်စလင်ဒေသခံနှစ်ဦးက အဲဒီညကရွာနားကရဲစခန်းတစ်ခုကိုသောင်းကျန်းသူတွေ တိုက်ခိုက်ခဲ့တာကိုတွေ့ခဲ့တယ်လို့ဆိုပါတယ်။
စစ်တပ်သတင်းတွေအရ သောင်းကျန်းသူတွေဟာ ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ဟိန္နူတွေဘက်ကိုမြှားဦးလှည့်သွားတယ်လို့ဖော်ပြပါတယ်။ ရိုဟင်ဂျာရွာသားလေးယောက်က သီးခြားစီ ရိုက်တာသတင်းဌာနကိုပြောပြခဲ့ပါတယ်။ မနက်၅နာရီလောက် စစ်သားတွေက ရွာထဲဝင်လာပြီး အဆင်ခြင်မဲ့ ပစ်ခတ်ခဲ့တာကြောင့် ထောင်နဲ့ချီပြီးထွက်ပြေးခဲ့ရတယ်လို့ပြောဆိုကြပါတယ်။ အကာအကွယ်ယူ ထွက်ပြေးနေတဲ့လူအုပ်ကြီးရှေ့မှာ ကျွန်တော်အပါအ၀င်ဖြစ်ပါတယ် ဒါပေမယ့်ကျွန်တော်နောက်ပြန်လှည့်ကြည့်တဲ့အခါ လူတွေပစ်သတ်ခံနေရတာကိုတွေ့ရတယ်လို့ အသက်၂၈နှစ်အရွယ်အဘူလ်ဟူစိန်ကဆိုပါတယ်။
နောက်ပိုင်းမှာတော့ ဗုံးတွေမော်တာဒုံးကျည်တွေနဲ့ တောအုပ်ထဲ ပစ်ခတ်ခဲ့ကြတယ် လို့ဟူစိန်နဲ့တစ်ခြား ရွာသားသုံးယောက်ကဆိုပါတယ်။ မော်တာဒုံးကျည် လူအုပ်စုထဲကျခဲ့တာကိုမြင်တွေ့ခဲ့ရတယ်။ တစ်ချို့က နေရာတင်သေဆုံးသွားကြတယ်လို့ သူကဆက်လက်ပြောကြားခဲ့ပါတယ်။ တောအုပ်ထဲကနေ ဒေသခံတွေက စစ်တပ်နဲ့အရပ်သားတွေပစ္စည်းတွေ လုယက်ပြီးအိမ်တွေ ကိုမီးရှို့တာကိုကြည့်ခဲ့ရပါတယ်။ အရပ်သားတွေက အလောင်းတွေကိုစုထားကြတယ်လို့ ဘော်ဒီအလွမ်နဲ့တ စ်ခြားရွာသားတွေကဆိုပါတယ်။
သူတို့က အလောင်းတွေကိုစုဆောင်းပြီး ပစ္စည်းတွေကိုရှာတယ်။ ငွေတွေ အ၀တ်အစားတွေနွားတွေ အားလုံးကိုယူသွားပြီး အိမ်တွေကိုမီးရှို့ပစ်ခဲ့ကြတယ် လို့ပြောဆိုကြပါတယ်။
မြန်မာဟိန္နူတွေက အလယ်မှာ ပိတ်မိနေခဲ့တဲ့ပုံရှိပါတယ်။ စစ်တပ်သတင်းတွေအရ တိုက်ခိုက်မှုပြီးနောက် ခမောက်ဆိပ်ကဟိန္နူတစ်ချို့ ပျောက်ဆုံးနေတယ်လို့ဆိုပါတယ်။
ကူတာပလောင်ကိုရောက်ရှိလာတဲ့ ဟိန္နူအမျိုးသမီး ဒုက္ခသည်တွေက ဟိန္နူအမျိုးသား၈ဦး မွတ်စလင်တွေကို တိုက်ခိုက်ဖို့ငြင်းဆန်ပြီးနောက် ဗုဒ္ဓဘာသာရခိုင်တွေရဲ့သတ်ဖြတ်မှုခံခဲ့ရတာကို မြင်တွေ့ခဲ့တယ်လို့ ပြန်လည်ပြောပြခဲ့ပါတယ်။
“ရိုဟင်ဂျာတွေကိုသတ်ဖို့သူတို့နဲ့ပူးပေါင်းဖို့ကျွန်မယောင်္ကျားကိုသူတို့ကပြောတယ် ဒါပေမယ့်သူကငြင်းခဲ့တယ်။ ဒါကြောင့် သူတို့သူ့ကိုသတ်ခဲ့ကြတယ်”လို့ ကိုယ်ဝန်ခြောက်လလွယ်ထားရတဲ့ အန်နီကာဘာလာကပြောဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်ဆီထွက်ပြေးနိုင်ဖို့မွတ်စလင်တွေက သူမကို ကူညီပေးခဲ့တာလို့လည်း ပြောကြားခဲ့ပါတယ်။ သူတို့အိမ်တွေမီးလောင်တာကိုမြင်တွေ့ပြီးနောက် ခမောက်ဆိပ်ရဲ့မွတ်စလင်ခေါင်းဆောင်တွေက နေရင် အရမ်းအန္တရာယ်များတယ် လို့ဆုံးဖြတ်ခဲ့ပါတယ်။
“တစ်ခြားသူတွေနဲ့ပြန်လာပြီးနေနိုင်မယ်လို့ ထင်ထားခဲ့တာ”လို့ အသက်၃၀အရွယ် ရွာသူကြီးလက်ထောက် မိုဟာမက်ဇူဘိုင်ယာကပြောဆိုခဲ့ပါတယ်။ “ဒါပေမယ့် ဒါမဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်တို့သဘောပေါက်ခဲ့တယ်” လို့သူက ဆက်လက်ပြောကြားခဲ့ပါတယ်။ “အမျိုးသား ၁၀၀ ခန့်ကတော့ ကျန်နေပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ် တစ်ယောက်ကကျွန်တော့်ကိုပြောတယ် ငါသေရမယ်ဆိုရင် ဒီမှာပဲသေမယ်လို့ ပြောဆိုခဲ့တယ်” လို့ သူကပြန်လည်ပြောပြခဲ့ပါတယ်။
Reuters သတင်းဌာနပါ Simon Lewis ရေးသားသည့် “Rohingya say their village is lost to myanmar’s spiraling conflict” အမည်ဖြင့်ဖော်ပြသည့်သတင်းကို ညောင်နီရွက် (Myanmar Muslim Media) က မြန်မာဘာသာသို့ ဆီလျှော်အောင်ပြန်ဆိုသည်။