ရွှေဘိုမြို့လုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ မှ ရေဘေးသင့်ဒေသ များအတွက် ထောက်ပံ့ပစ္စည်းများ မုံရွာမြို့တွင်လာရောက်လှူဒါန်း

ရွှေဘိုမြို့လုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်း ရှိ ရေဘေးသင့်ဒေသများအတွက် ထောက်ပံ့ ပစ္စည်းများကို ရွှေဘိုမြို့လုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့မှ သြဂုတ်(၁၂)ရက်က မုံရွာမြို့ မြို့တော် ခန်းမတွင် လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထောက်ပံ့ပစ္စည်းများ လာရောက်လှူဒါန်းမှုနှင့် ပတ်သက်ပြီး အစ္စလာမ်ဘာသာရေးအဖွဲ့မှ အတွင်းရေးမှူး ဦးမြင့်အောင်က“ ကျွန်တော်တို့အဖွဲ့အနေနဲ့ ကလေးဒေသ၊ ချင်းပြည်နယ်၊ မုံရွာမြို့နယ် အလုံက ရပ်ကွက်အချို့နဲ့၊ ဆားလင်းကြီးမြို့နယ်အတွင်းက ညောင်ပင်ကြီးကျေးရွာတို့အတွက် အခုလို လာရောက် လှူဒါန်းခြင်းဖြစ်ပါတယ်။

တစ်နိုင်ငံလုံးက ရေဘေးသင့်ပြည်သူတွေကို လူသားချင်း စာနာ ထောက်ထားတဲ့အနေနဲ့ ကိုယ်ချင်းစာပါတယ်။ ကျွန်တော်တို့ အဖွဲ့ဝင်တွေ ဒီကို လိုက်ထရက်(၉)စီး ဟိုင်းလတ်(၂)စီးနဲ့ အိမ်စီးကား (၄)စီးနဲ့ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ရေသန့်ဘူး၊ နို့ပေါင်းဘူးစတဲ့ ပစ္စည်းတွေတင်ပြီး လာရောက်လှူဒါန်းခြင်းဖြစ်ပါတယ်။ အခုလိုလာရောက် စုပေါင်း လှူဒါန်းခွင့် ရတာ အရမ်းဝမ်းသာပါတယ် အခက်အခဲဖြစ်ပေါ်နေတဲ့သူတွေအတွက် ကျွန်တော်တို့လှူဒါန်းမှုလေးက အထောက် အကူ ဖြစ်တဲ့အတွက် ၀မ်းသာပီတိဖြစ်မိပါတယ်´´ဟုပြောကြားခဲ့သည်။

အဆိုပါ အစ္စလာမ်အဖွဲ့က ချင်းပြည်နယ်မှ အိမ်ထောင်စု(၁၀၀)၊ ကလေးဒေသမှ အိမ်ထောင်စု(၁၀၀) မုံရွာအလုံရပ်က အိမ်ထောင်စု (၂၂၄)စု၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာမှ အိမ်ထောင်စု (၄၇၄)စုတို့အတွက် တစ်အိမ်ထောင်လျှင် ဆန်(၄)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ယမ်ယမ်ခေါက်ဆွဲခြောက်(၅)ထုပ်၊ ငါးသေတ္တာ(၃)ဘူး၊ ရေသန့်(၂)ဘူးနှင့် နို့ပေါင်း(၁)ဘူး၊ အ၀တ်အထည်ကျား တစ်စုံ၊ မ(၂)စုံ၊ ကလေး ၀တ်(၂)စုံတို့ကို လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။

တိုင်း(ပြန်/ဆက်)
မူရင်း – MOI Webportal Myanmar ဖဘ စာမျက်နှာ