အွန်လိုင်းတွင် မြန်မာ မွတ်စလင်မ်များကို မမှန်သတင်းဖြင့် အပုပ်ချခံရမှု  ဒေါက်တာ မြင့်သိန်း ရှင်းလင်း

သတင်း – SK (မြန်မာမွတ်စလင်မ် မီဒီယာ)

မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအနေဖြင့် အခြားနိုင်ငံတစ်ခုနှင့် စစ်ဖြစ်လျှင် မည်သည့်နိုင်ငံဘက်မှ ပါမည်နည်း ဟူသော မေးခွန်းကို မြန်မာ မွတ်စလင်မ်များအား မေးမြန်းရာ ဖြေဆိုနိုင်ခြင်းမရှိဟု နိုင်ငံရေးပါတီ တစ်ခုမှ ဥက္ကဋ္ဌတစ်ဦး၏ အမည်ဖြင့် ဖေ့စ်ဘုတ်တွင် ရေးသားချက်နှင့် အခြားသူများက ၎င်းကိုကိုးကား ဖော်ပြခဲ့ကြခြင်းမှာ လုံးဝ မှားယွင်းကြောင်းနှင့် သတင်းမှာ လိမ်လည်မှုကြီးတစ်ရပ်ဖြစ်ကြောင်း မြန်မာ မွတ်စလင်မ် ကွန်ရက်မှ ဒေါက်တာ မြင့်သိန်းက myanmarmuslim.net ၏ ဆက်သွယ် မေးမြန်းချက်တစ်ရပ်တွင် ဖြေကြားသည်။

စက်တင်ဘာ  ၁၆- ၁၇ ရက်နေ့ တွင်ကျင်းပသည့် National Identity and Citizenship in 21st Century Myanmar ဖိုရမ်တွင် ၀င်ရောက် ဆွေးနွေး သူများအနက် ဒေါက်တာ မြင့်သိန်း၊ ဦးကျော်မင်းနှင့် ဦးအောင်ကိုကိုတို့ ၃ ဦးမှာ အစ္စလာမ် ဘာသာဝင်များဖြစ်သည်။ အဆိုပါ ဖိုရမ် ဒုတိယနေ့တွင် ဒေါက်တာမြင့်သိန်းနှင့် ဦးကျော်မင်းတို့ ဆွေးနွေးဖြေကြားစဉ် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ဥက္ကဋ္ဌနေမျိုးဝေက ဘင်္ဂလားဒေ့ရှ်က ခိုးဝင်တဲ့ သူတွေနဲ့ ပတ်သက်လို့ ဘယ်လို သဘောထား ပါသလဲ ဟူသော မေးခွန်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ စစ်ဖြစ်ရင် ဘယ်လိုရပ်တည်မလဲ ဟူသော မေးခွန်းကို အထက်ပါ အစ္စလာမ်ဘာသာဝင် ၂ ဦးအား ဘင်္ဂလားဒေ့ရှ်သံ အမတ်အပါအ၀င် ပရိတ်အစုံရှေ့တွင် မေးမြန်းခဲ့ကြောင်း သိရသည်။

အထက်ပါ မေးမြန်းချက်ကို အစ္စလာမ်ဘာသာဝင် ပညာရှင်နှစ်ဦးက ဖြေကြားနိုင်ခြင်းမရှိဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ နေမျိုးဝေ အမည်ဖြင့် ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားကြောင်း 7Days ဂျာနယ် သတင်းထောက် အချို့နှင့် အစ္စလာမ် ဆန့်ကျင်ရေး ဖေ့စ်ဘုတ် စာမျက်နှာများ၊ သတင်းဌာနများတွင် အဆင့်ဆင့် ကိုးကားဖော်ပြခဲ့သည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ နေမျိုးဝေ အမည်ဖြင့် 7Days ဂျာနယ် သတင်းထောက်၏ ဖေ့စ်ဘုတ် စာမျက်နှာတွင်  ရေးသားထားသော အစ္စလာမ် ဆန့်ကျင်ရေး ဖေ့စ်ဘုတ်စာမျက်နှာ

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ နေမျိုးဝေ အမည်ဖြင့် 7Days ဂျာနယ် သတင်းထောက်၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသော အစ္စလာမ် ဆန့်ကျင်ရေး ဖေ့စ်ဘုတ်စာမျက်နှာ

“ပြည်တွင်း ပြည်ပက လူတွေရှိတယ်။ Record ရှိတယ်၊ ဒါကို ကျွန်တော်တို့ မဖြေပါဘူးလို့ပြောတာ၊ တကယ့်လိမ်လည်မှုကြီးပဲ၊ မြန်မာစကား နားမလည်တာလား၊ လိမ်တာလားတော့ မပြောတတ်ဘူး”ဟု ဒေါက်တာ မြင့်သိန်း(စာရေးဆရာငြိမ်းချမ်းလုလင်)က ဖေ့စ်ဘုတ် စာမျက်နှာများတွင် လိမ်လည်ဝါဒဖြန့်ခြင်းကို တုန့်ပြန်ပြောကြားသည်။

အွန်လိုင်းမီဒီယာတွင် လုပ်ကြံဝါဒဖြန့်ပုံနှင့် ဆန့်ကျင်ဘက်အဖြစ် မေးခွန်း ၂ ခုလုံးကို ရှင်းလင်းပြတ်သားစွာဖြင့် အစ္စလာမ်ဘာသာဝင် ပညာရှင် ၂ဦးလုံးက ဖြေကြားခဲ့ကြောင်း အထက်ပါ ပုဂ္ဂိုလ်ကပင် ပြောသည်။

ကျွန်တော့်ကို မေးတဲ့အခါ ဘင်္ဂလားဒေ့ရှ်တင်မကဘူး၊ ဘယ်က၀င်ဝင် လက်မခံတဲ့အကြောင်း၊ ၀င်လာပြီးတဲ့သူ တွေမှာတော့ ဥပဒေအရ Refugee Status ရှိတဲ့အကြောင်းဖြေပါတယ်။ နံပါတ် ၂ ဘင်္ဂလားဒေ့ရှ်နဲ့ စစ်ဖြစ်ရင် (ဆိုတဲ့ ကိစ္စမှာတော့) ဘာဖြစ်လို့ စစ်ဖြစ်ရမှာလဲလို့ ကျွန်တော်ပြန်မေးတယ်။ (ပြီးတော့) စစ်မဖြစ်အောင် ကျွန်တော်တို့ ၀ိုင်းဝန်းရမယ်။(လို့ဖြေတယ်)၊ ဖြစ်ခဲ့သော် ကျွန်တော်တို့ဟာ ကိုယ်သစ္စာ ခံယူထားတဲ့နိုင်ငံမှာပဲ သစ္စာရှိစွာ ပါဝင်မယ်ဆိုတာကို ပြတ်ပြတ်သားသားဖြေခဲ့တယ်”ဟု ဒေါက်တာမြင့်သိန်း(မြန်မာမွတ်စလင်မ်ကွန်ရက်)က myanmarmuslim.net ၏ ဆက်သွယ်မေးမြန်းချက် တစ်ရပ်တွင် ဖြေကြားသည်။

ထို့အပြင် ၁၉၉၀ ခုနှစ် အမတ်ဟောင်း ဦးကျော်မင်း အနေဖြင့်လည်း အထက်ပါ မေးခွန်းနှစ်ရပ်လုံးတွင် မိမိကဲ့သို့ ပင် ရှင်းလင်း ပြတ်သားစွာ ပြောကြားခဲ့ခြင်းကို ကြားခဲ့ရပါကြောင်းလည်း ဒေါက်တာမြင့်သိန်းက ဆက်လက် ပြောကြားသည်။

ထိုကဲ့သို့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ အမည်ဖြင့် ဖေ့စ်ဘုတ်တွင် အစ္စလာမ်ဘာသာဝင်တို့အား အများပြည်သူ အထင်အမြင် လွဲမှားစေရန် လိမ်လည်တင်ပြခဲ့ခြင်းကို 7Days ဂျာနယ် အကြီးတန်း သတင်း ထောက် ဥက္ကာကိုကို (ဖေ့စ်ဘုတ် အမည်၊ အဘဥက္ကာကိုကို) အပါအ၀င် သတင်းထောက် အချို့နှင့် အွန်လိုင်း၊ မီဒီယာအချို့တွင် အဆင့်ဆင့် ကိုးကားဖော်ပြခဲ့သည်။ 7Days ဂျာနယ် အကြီးတန်း သတင်းထောက် ဥက္ကာ ကိုကိုသည် သတင်းထောက် တစ်ဦးစောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ ၎င်း၏ဖေ့စ်ဘုတ် စာမျက်နှာတွင် ရိုဟင်ဂျာလူမျိုးအား နှိမ့်ချချိုးနှိမ် ပြောင်လှောင် သရော်မှုများကို မကြာခဏ လုပ်လေ့ရှိသည့် ရခိုင်လူမျိုး သတင်းထောက် တစ်ဦးဖြစ်သည်။

လူတစ်ဦး၏ စကားကိုသာ ကိုးကား၍ မှတ်တမ်း အထောက်အထားများကို လျစ်လျူရှုကာ ကိုးကားဖြော်ပခြင်း သည် မီဒီယာကျင့်ဝတ်နှင့် ကိုက်ညီမှုမရှိရုံမျှမက ကွန်မြူနတီ ၂ ခုအကြား အထင်အမြင် လွဲမှားမှုကို တိုးပွား စေပြီး နိုင်ငံတော်တည်ဆောက်ရေးကိုသာမက မီဒီယာအပေါ် ပြည်သူ၏ ယုံကြည်အားထားမှု ကိုပါ ထိခိုက်နိုင် ကြောင်းလည်း ဒေါက်တာမြင့်သိန်း(မြန်မာမွတ်စလင်မ်ကွန်ရက်)က ထပ်လောင်းပြောကြားသည်။

ဒါ ပုဂ္ဂိုလ်ရေး ကိစ္စအဆင့်မဟုတ်ဘူး။ တစ်နိုင်ငံလုံးကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ ကွန်မြူနတီ ကိစ္စ၊ တစ်တိုင်းပြည်လုံး ရဲ့နိုင်ငံတော် တည်ဆောက်ရေးနဲ့လည်း ဆိုင်တယ်။ အုပ်စုတွေ အများကြီးပါတယ်။ ဒါကို လွယ်လွယ်လေးနဲ့ လူတစ်ယောက်ပြောတဲ့ စကားပေါ်မှာ လိုက်ရေးတယ်ဆိုတာ မီဒီယာကျင့်ဝတ်နဲ့လည်း မညီဘူးလို့ ထင်ပါတယ်။ ပိုဆိုးတာက တိုင်းပြည်မှာ နစ်နာစရာတွေ ကြုံမယ်၊ ကွန်မြူနတီ ၂ ခုအကြား အထင်အမြင်လွဲမှားမှုတွေ ကြုံမယ်။ ဒီကွန်ဖရင့်ရဲ့ ရည်ရွယ်ချက်ကိုက Better Nation ထူထောင်ဖို့၊ စိတ်စေတနာ သန့်သန့်နဲ့ ပါဝင်ဆောင်ရွက်ဖို့၊ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်တယ်။ ဒီလို Record လုပ်ထားတဲ့ သတင်းကို တောင် ပြောင်းပြန် ဗြောင်လိမ်ရဲရင် မြန်မာနိုင်ငံမှာ ကျန်တဲ့သတင်းတွေရော၊ ရခိုင်သတင်းတွေ အပေါ်မှာပါ မီဒီယာတွေ အပေါ်ဘယ်လောက် အားထားလို့ရမှာလဲ” ဟု ဒေါက်တာမြင့်သိန်း(မြန်မာမွတ်စလင်မ် ကွန်ရက်) က အပြီးသတ်ပြောကြားသည်။

 

နေမျိုးဝေ မူရင်းလင့်ခ်
https://www.facebook.com/photo.php?fbid=455219604522789&set=a.250780178300067.62082.100001042591094

အဘဥက္ကာကိုကို မူရင်းပိုစ်လင့်ခ်
https://www.facebook.com/oakkarkoko/posts/4053425247508