အရေးအခင်းဖြစ်ပွားခဲ့တဲ့နေရာတွေကို ပိုမို ၀င်ရောက်ခွင့် ရရှိဖို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ အကြီးအကဲက မြန်မာအစိုးရကို တောင်းဆို

နိုဗယ်ဆုရှင်ဒေါ်စု အာဏာ ရရှိလာခဲ့ပေမယ့် လူပေါင်းသောင်းနဲ့ချီနေရပ်တွေကနေ စွန့်ခွာထွက်ပြေးနေရတဲ့ အရေးအခင်းဒဏ်ခံစားခဲ့ရတဲ့နေရာကသူတွေဆီ ကူညီကယ်ဆယ်ရေးလုပ်သားတွေ သွားရောက်ကူညီပေးနိုင်ဖို့အတွက်ခွင့်ပြုပေးဖို့ မြန်မာအစိုးရကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ကော်မတီက  တောင်းဆိုလိုက်ပါတယ်။
“တိုင်းရင်းသားလူနည်းစုတပ်ဖွဲ့တွေထိန်းချုပ်မှုအောက်မှာရှိတဲ့နေရာတွေကို ICRC သွားရောက်ခွင့်နဲ့ အကျဉ်းသားတွေလည်ပတ်ခွင့်တွေကို အာဏာပိုင်တွေကပိတ်ပင်ခဲ့ပါတယ်။”လို့ အဖွဲ့အစည်းဥက္ကဌဖြစ်သူ Peter Maurer က စီးပွားရေးမြို့တော်ရန်ကုန်မှာ ဗုဒ္ဓဟူးနေ့ကသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ “သင့်လျော်တဲ့အရေအတွက်ထောက်ပံ့မှုတွေကို လိုအပ်နေတဲ့သူတွေဆီပို့ပေးဖို့ ကျွန်တော်တို့ခွင့်ပြုချက်ရချင်ပါတယ်။ လိုအပ်မှုကိုအခက်အခဲမရှိကူညီပေးချင်တာဖြစ်ပါတယ်”လို့ သူကပြောကြားခဲ့ပါတယ်။
Maurer က ရခိုင်ပြည်နယ်အနောက်မြောက်ပိုင်းကိုလည်ပတ်ခဲ့ပါတယ်။ ရခိုင်ဗုဒ္ဓဘာသာဝင်တွေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေကြား ထိပ်တိုက်တွေ့မှုဖြစ်ပွားမှုကြောင့် နေရာတွေကနေရွှေ့ပြောင်းခံထားရတဲ့ ဒုက္ခသည်စခန်းတွေကို လွန်ခဲ့တဲ့ငါးနှစ်လောက်က သူဟာသွားရောက်ခဲ့တာဖြစ်ပါတယ်။
ပြည်နယ် မြောက်ပိုင်း ကိုသွားရောက်ခဲ့ခြင်းတော့ မရှိပါဘူး။ ခန့်မှန်းခြေလူပေါင်း ၇၄၀၀၀ ခန့်ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရတဲ့ စစ်တပ်ရဲ့စစ်ဆေးရေးဟာ အောက်တိုဘာလက သောင်းကျန်းသူတွေရဲ့တိုက်ခိုက်မှုကို တုံ့ပြန် ဆင်နွဲနေခဲ့တာကြောင့်ဖြစ်ပါတယ်။
စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်က ခိုးဝင်လို့ ကျယ်ကျယ်ပြန့်ပြန့်မြင် ခံရပြီးနိုင်ငံသားအဖြစ် ငြင်းပယ်ခံထားရတဲ့ ရိုဟင်ဂျာတွေကို သတ်ဖြတ် အဓ္ဓမပြုကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့  စွပ်စွဲခံထားရပါတယ်။ “အစိုးရ တာဝန်ရှိသူတွေ ပါဝင်တဲ့ အခြေအနေတစ်ခုနဲ့ပဲ နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားတွေကို ထိခိုက်မှု ဒဏ်ခံစားခဲ့ရတဲ့ရွာတွေကို လည်ပတ်ဖို့ခွင့်ပြုထားပါတယ်။” လို့ ကုလအေဂျင်စီက မေလ၁ရက်နေ့က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ထိန်းသိမ်းခံရသူတွေဆီ သီးခြား ICRC ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ လည်ပတ်ခဲ့ပါတယ်။ Maurer က ကြာသပတေးနေ့မှာ မြောက်ပိုင်းကကချင်ပြည်နယ်ကို လည်ပတ်ဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမယ့် လိုင်ဇာက ကေအိုင်အေဌာနချုပ်ကိုလည်ပတ်ဖို့တောင်းဆိုချက်ကိုတော့ အစိုးရကငြင်းပယ်ထားပါတယ်။ ICRC ကအဲဒီမှာ ပြည်သူ့ဆေးရုံဆောက်ဖို့ ကူညီပေးနေတာဖြစ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ရှစ်လက ကေအိုင်အေနဲ့  အစိုးရတပ်တွေကြားတိုက်ပွဲဖြစ်ပွားနေကတည်းက သွားရောက်နိုင်ခြင်း မရှိတော့ပါဘူး။
Maurer ကမြို့တော် နေပြည်တော်ကို သွားရောက်ပြီး သောကြာနေ့မှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်သလို နောက်တစ်ပတ် ဘေဂျင်းမြို့မှာကျင်းပမဲ့နို င်ငံတကာ ညီလာခံမှာ ဒေါ်စုနဲ့တွေ့ဆုံသွားဖို့ စီစဉ်ထားတယ်လို့ သူကပြောကြားခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်း ဒေါ်စုဟာ စစ်တပ်ရဲ့ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်မှု ပြီးနောက် အရပ်သားဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဖို့ကြိုးစားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရရှိဖို့သူမရဲ့ဦးစားပေးဆောင်ရွက်ချက်ဟာ တိုက်ပွဲတွေသာဖြစ်ပေါ်စေခဲ့ပြီး လူပေါင်း၁သိန်း၆သောင်းကျော် နေရပ်တွေကနေစွန့်ခွာထွက်ပြေးခဲ့ရပါတယ်လို့ ကုလအချက်အလက်တွေကဖော်ပြထားပါတယ်။ ဒေါ်စုရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက မှတ်ချက်ပြုထားခြင်းတော့မရှိပါဘူး။
“အခင်းဖြစ်ပွားခဲ့တဲ့နေရာတွေဆီရောက်ဖို့က လုံခြုံရေးအကြောင်းပြချက်နဲ့ ကူညီကာကွယ်ပေးဖို့လိုအပ်နေတဲ့သူတွေကြား အမြဲတမ်းခက်ခဲတဲ့ယှဉ်ပြိုင်ချက်လို ဖြစ်နေပါတယ်။” လို့ Maurer ကပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာနေရာတွေကိုကန့်သတ်ထားမှုနဲ့ပတ်သက်ပြီး သူကျေနပ်ခြင်းမရှိဘူးလို့လည်းဆိုပါတယ်။
“နောက်ဆုံးမှာတော့ ကျွန်တော်တို့လို အဖွဲ့အစည်းတွေရဲ့လူသားချင်း စာနာထောက်ပံ့မှုတွေ ပြုလုပ်ဖို့အတွက် အဆင်ပြေချောမွေ့တဲ့ လုပ်နည်းကိုင်နည်းတွေထက် တင်းမာမှုကိုလျော့ချဖို့ ပိုသက်ရောက်မှုရှိတဲ့ ကိရိယာ မရှိတော့ပါဘူး” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။
Source : Reuters
ဘာသာပြန် : ညောင်နီရွက်