အိုင်အက်စ်ကို ဆန့်ကျင်တဲ့ တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံးဟု ဖီလစ်ပိုင် မွတ်စလင်တော်လှန်ရေး အဖွဲ့ဆို

ဖီလစ်ပိုင်ရဲ့အကြီးမားဆုံးတော်လှန်ရေးအဖွဲ့က အိုင်အက်စ်အဖွဲ့ကိုထောက်ခံတဲ့အစွန်းရောက် စစ်သွေးကြွတွေကြီးထွားလာမှုကိုတားဆီးတဲ့တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင်၁၀ယောက်ကျဆုံးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
“မိုရိုအစ္စလာမ်မစ်တော်လှန်ရေးအဖွဲ့က မင်ဒါနာအိုကျွန်းဧရိယာရှိခြေကုပ်စခန်းကို စစ်သွေးကြွတွေမရရှိစေဖို့တားဆီးခဲ့တာဖြစ်တယ်”လို့ တော်လှန်ရေးခေါင်းဆောင် မိုဟာဂါအစ်က်ဘဲလ်က အေအက်ဖ်ပီသတင်းဌာနကိုပြောကြားခဲ့ပါတယ်။ “အစွန်းရောက်အယူအဆတွေဟာ အင်အားတစ်ခုလိုကြီးထွားလာနေတယ်”လို့ အစ်က်ဘဲလ်က အေအက်ဖ်ပီသတင်းဌာနကို ဖုန်းနဲ့ပြောကြားခဲ့ပါတယ်။
“တိုက်ပွဲတွေဟာ ဒါတူဆာလီဘိုမြို့နားက လယ်ကွင်းတွေနဲ့ စိုစွတ်တဲ့တောအုပ်တွေထဲမှာဖြစ်ပွားခဲ့တယ်”လို့ MILF အဖွဲ့နဲ့လိုက်ပါသတင်းယူနေတဲ့ အေအက်ဖ်ပီဗီဒီယိုသတင်းထောက်က ပြောကြားခဲ့ပါတယ်။ ဒါတူဆာလီဘိုဟာ မာရာဝီမြို့တောင်ဘက်မိုင်၆၀အကွာမှာရှိပြီး မနီလာမြို့နဲ့ ၈၀၀ကီလိုမီတာကွာဝေးပါတယ်။ ဒီလအစောပိုင်းကစတင်ခဲ့တဲ့တိုက်ပွဲတွေအတွင်း တပ်ဖွဲ့ဝင်၁၀ယောက်ကျဆုံးခဲ့ပြီးဖြစ်တယ်လို့ အစ်က်ဘဲလ်ကဆိုပါတယ်။
“အရေအတွက်အတိအကျကို အတည်မပြုနိုင်ပေမယ့်လည်း အစွန်းရောက်အဖွဲ့တွေဟာအင်အားဖြည့်တင်းမှုတွေရရှိထားတယ်”လို့သူကပြောကြားခဲ့ပါတယ်။ အင်အား၁သောင်းကျော်ရှိတဲ့ MILF အဖွဲ့ဟာ မင်ဒါနာအိုမှာလွတ်လပ်တဲ့အမိမြေတည်ထောင်ဖို့ ဆယ်စုနှစ်တစ်ခုကြာတော်လှန်ရေးဆင်နွဲနေခဲ့တာဖြစ်ပါတယ်။ အရေးအခင်းအတွင်း လူပေါင်း၁သိန်းကျော်သေဆုံးခဲ့တယ်လို့ ယူဆရပါတယ်။
MILF အဖွဲ့ဟာ ၂၀၁၄ခုနှစ်ပြီးခဲ့တဲ့အစိုးရလက်ထက်အတွင်းငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး မင်ဒါနာအိုမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမွတ်စလင်အမိမြေကိုတည်ထောင်ဖို့ မျှော်လင့်ထားသလို သဘောတူထားခြင်းမရှိတဲ့လွှတ်တော်ကနေ နောက်ဆုံးသဘောတူညီချက်ရရှိစေဖို့ သမ္မတရိုဒရီဂိုကဆောင်ရွက်ပေးနိုင်ဖို့မျှော်လင့်နေကြပါတယ်။
ဒါပေမယ့်လည်းMILF အဖွဲ့ဝင်ဟောင်းတွေအပါအ၀င် အစွန်းရောက်စစ်သွေးကြွတွေက အစိုးရနဲ့ငြိမ်းချမ်းရေး ဘယ်သဘောတူညီချက်ကိုမဆိုဆန့်ကျင်သွားဖို့များနေသလို မကြာသေးမီနှစ်များအတွင်းတစ်ချို့တွေက အိုင်အက်စ်ထံသစ္စာခံခဲ့ကြပါတယ်။ MILF အဖွဲ့ဒါကိုထပ်ခါထပ်ခါသတိပေးနေခဲ့ပါတယ်။ ငြိမ်းချမ်းရေးသဘောတူညီချက်ပျက်ဆီးသွားရင် အဖွဲ့ရဲ့လူငယ်အများစုအိုက်အက်စ်သစ္စာခံအဖွဲ့နဲ့ပူးပေါင်းသွားပြီး အများအပြားဆုံးရှုံးမှုတွေဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
မေလနှောင်းပိုင်းကလည်း အိုင်အက်စ်ထောက်ခံသူရာနဲ့ချီ မာရာဝီမြို့အစိတ်အပိုင်းတော်တော်များများကို သိမ်းပိုက်ခဲ့ပါတယ်။ အမေရိကန်နောက်ခံအင်အားစုစစ်အခြေစိုက်စခန်းရှိပေမယ့်လည်း မာရာဝီကစစ်သွေးကြွတွေကို အစိုးရတပ်ဖွဲ့တွေကနှိမ်နင်းနိုင်ခြင်းမရှိသေးပါဘူး။ တိုက်ပွဲတွေအတွင်း ၇၀၀ကျော်သေဆုံးခဲ့ပါတယ်။ “MILF ဟာ ဒါတူဆာလီဘိုနားကတစ်ခြားအဖွဲ့တစ်ဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားနေတာကြောင့် အိုင်အက်စ်ဟာ တောင်ပိုင်းရဲ့တစ်ခြားအစိတ်အပိုင်းတွေမှာလည်းခြိမ်းခြောက်မှုတွေဖြစ်လာတယ်ဆိုတာ ပြသနေတာပဲ” လို့အစ်က်ဘဲလ်ကဆိုပါတယ်။
“သူတို့ဟာအိုင်အက်စ်နဲ့ပူးပေါင်းထားတဲ့အဖွဲ့ဖြစ်ပြီး အိုင်အက်စ်အလံကိုသူတို့သွားတဲ့နေရာတိုင်း စိုက်ထူထားပါတယ်”လို့ အစ်က်ဘဲလ်ကဆိုပါတယ်။ “သူတို့ကနေရာတိုင်းပြသနာတွေရှာနေတယ် သူတို့ရဲ့ရပ်တည်ချက်တွေကိုကျွန်တော်တို့ဆန့်ကျင်ပါတယ်။ အကြမ်းဖက်ဝါဒကိုကျွန်တော်တို့ဆန့်ကျင်ပါတယ်”လို့ မိုရိုအစ္စလာမ်စ်လွတ်မြောက်ရေးတပ်ဖွဲ့ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။
မူရင်း – The Malaymail online/AFP
ဘာသာပြန် – ညောင်နီရွက်