အဓမ္မ၀ါဒီတွေကိုရင်ဆိုင်ဖို့အသင့်ပါပဲ (သတင်းထောက် ကိုဆွေဝင်း၊ Myanmar Now)

Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်း

ဦးကိုနီအား သတ်ဖြတ်သူကို ချီးကျူးဂုဏ်ပြုသည့် မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူ ပါရဇိကကံ(ရဟန်းအဖြစ်မှပျက်ပြယ်မှု)ကျရောက်သွားပြီဖြစ်ကြောင်း Ba Kaung ဖဘစာမျက်နှာတွင်ရေးသားမှုကြောင့် ဦးဝီရသူ၏ ညွန်ကြားချက် အရ ဦးကျော်မျိုးရွှေ ဆိုသူက မတ်လ ၇ ရက်နေ့က မန္တလေးမြို့အမှတ် ၇ ရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ၆၆(ဃ) ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။အထက်ပါ အကြောင်းအရာနှင့် ပတ်သက်ပြီး Myanmar Now သတင်းထောက် ကိုဆွေဝင်း၏ ကိုယ်တိုင်ရေး အင်တာဗျူးကို Myanmar Muslim Media ပရိတ်သပ်များ အတွက် ဖေါ်ပြအပ်ပါသည်။

မေး။ ။ ကိုဆွေဝင်းက ဆရာတော်ဦးဝီရသူကို ပါရာဇိကကျသွားပြီလို့ Ba Kaung နာမည်နဲ့ ဖေ့ဘွခ်ပေါ်မှာရေးတယ်ဆိုတာဟုတ်လား။
ဖြေ။ ။ ဦးကိုနီ သတ်ဖြတ်သူတွေကို ကျေးဇူးတင်တယ် ဆိုပြီး ဦးဝီရသူက ထုတ်ဖော်ရေးသားပြောဆိုနေတာ အားလုံး အသိပါပဲ။ အာဏာပိုင်များကလည်း ဒီလို ပြည်သူတစ်ရပ်လုံးချောက်ချား တုန်လှုပ်ဖွယ် ရာဇ၀တ်မှုကို ထောက်ခံကြောင်းပြောနေတာတွေကို လျစ်လျူရှု အရေးမယူတာ အားလုံး အသိပါပဲ။ ဒီလိုအခြေအနေမှာ ကျနော်တို့က ဒါကို သတင်းရေးခဲ့တယ်၊ သတင်းရေးတဲ့နေရာမှာ မန္တလေးက ဆရာတော်ဦးစိန္တကိုမေးမြန်းပြီး သူ့မှတ်ချက်ကိုတောင်းတဲ့အခါ ဆရာတော်က ဦးဝီရသူရဲ.ပြောဆိုချက်ဟာ ပါရာဇိကကံမြောက်တယ် ဆိုပြီးဖြေကြားခဲ့တယ်။ ဒီဖြေကြားချက်ကို သတင်းထဲမှာ ထည့်ခဲ့တယ်။ ပြီးတော့ ဒီသတင်းကို ကျနော့်ရဲ. ဖေ့ဘွတ်ပေါ်မှာ တင်တဲ့အခါ ဦးဝီရသူ ပါရာဇိကကျပြီဖြစ်ကြောင်း သိရဆိုပြီး ရေးသားခဲ့တယ်။ ကျနော့်ရဲ.သတင်းရင်းမြစ်ပြောဆိုချက်ကို ကိုးကားပြီး ဖေ့ဘွတ်ပေါ်ပြန်ရေးတာကို အမှုဖွင့်တဲ့ အနေအထားပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီသတင်းနဲ့ ပတ်သက်ပြီးကတော့ ကျနော်က ၁၀၀ ရာခိုင်နှုန်း အပြည့်အ၀ တာဝန်ခံပါတယ်။
မေး။ ။ အာဏာပိုင်တွေကရော လာရောက် အကြောင်းကြားပြီလား။
ဖြေ။ ။ ခုမတ်လ ၈ ရက် မနက်စောစောထိတော့ တရားဝင် ဘာမှ အကြောင်းကြားတာ မရှိဘူး။ ကျနော်တို့ကတော့ မြတ်စွာဘုရားရဲ. သင်္ကန်းရေခြုံပြီး ဒုစရိုက်မှုတွေကျူးလွန်နေသူ၊ ရာဇ၀တ်မှုကို အားပေးအားမြှောက်ပေးနေတဲ့သူတွေကို ဘာမှတောင်းပန်စရာ၊ ညှိနှိုင်းစရာ မရှိဘူး။ ရဲက လာခေါ်လို့ကတော့ လိုက်သွားဖို့ အသင့်ပဲ။
မေး။ ။ ခုတိုင်တန်းချက်ကို ရဲတပ်ဖွဲ.က အမှုလက်ခံဖွင့်ပေးလိုက်ပြီလို့သိရတယ်။ အင်တာနက်ပေါ်မှာဆိုရင် ဦးဝီရသူကို ဆဲဆိုဆန့်ကျင်နေတဲ့သူတွေအများကြီးပဲ၊ ခင်ဗျားကိုကျမှ ရွေးပြီး တိုင်တန်းတာကို ရဲတပ်ဖွဲ.က လက်ခံလိုက်တဲ့ အခြေအနေကိုရော ဘယ်လို သဘောရလဲ။
ဖြေ။ ။ အားလုံး သိတဲ့အတိုင်းပဲ သတင်းစာရှင်းလင်းပွဲမှာ လင်းဇော်ထွန်း၊ ဇေယျဖြိုးတို့ဟာ မဘသဥက္ကဌဆရာတော်ကို သွားရောက်တွေ.ဆုံတာတွေရှိခဲ့တယ်၊ ဒီအခြေအနေပေါ်မှာ ဆရာ၊ ဒကာဆိုတဲ့ဆက်ဆံရေးအကြောင်းခံပြီး မဘသက ဦးကိုနီအမှုကိစ္စမှာ ဒီလူတွေအပေါ်တစ်စုံတစ်ရာလွှမ်းမိုးမှုရှိသလားဆိုတာကိုမေးမြန်းခဲ့တယ်။ ဒါကို မဘသတွေက မကျေနပ်ကြဘူး၊ တစ်ဖက်မှာလည်း ဦးကိုနီအမှုကိစ္စနဲ့ပတ်သက်ပြီး အာဏာပိုင်တွေရဲ. ကိုင်တွယ်ပုံ၊ သတင်းထုတ်ပြန်ပုံကိုကျနော့်ဖက်က ဝေဖန်မှုတွေရှိတယ်။ ဆိုတော့ ဒီအခြေအနေတွေပေါင်းစုပြီး ကျနော့်ကိုအမှုဖွင့်ဖို့အကြောင်းဖန်လာတယ်လို့ယူဆပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရာဇ၀တ်မှုတစ်ခုကို ပြောင်ပြောင်တင်းတင်းထောက်ခံနေသူတွေကို ဥပဒေကြောင်းအရ အရေးမယူဘဲ မဆီမဆိုင်ကျနော့ကိုလာအရေးယူမယ်ဆိုရင်တော့ ဒီတိုင်းပြည်မှာ တရားဥပဒေစိုးမိုးရေးနဲ.ပတ်သက်လာရင် အာဏာပိုင်တွေရဲ.နည်းလမ်းမကျတဲ့ မူဝါဒတွေဘယ်လောက်အတိုင်းအတာထိ ဆက်ဖြစ်နေသလဲဆိုတာ ပေါ်လွင်မှာဖြစ်ပါတယ်။
မေး။ ။ ကိုဆွေဝင်းကို ဦးကိုနီအမှုကိစ္စနဲ့ ပတ်သက်ပြီး အင်တာနက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဆဲဆိုခြိမ်းခြောက်တာတွေရှိတယ်။ ဒါတွေကိုရော ကိုဆွေဝင်းက အာဏာပိုင်တွေကို အကြောင်းကြားတာရှိလား။ ကုလားသတင်းထောက် ဘာညာဆိုပြီး ဆဲဆိုနေကြတာ။
ဖြေ။ ။ အာဏာပိုင်တွေလည်း အားလုံးသိနေကြားနေတာပဲ။ ဥပဒေစိုးမိုးရေးအတွက် ပါးစပ်ကသာပြောပြီး လက်တွေ.မလုပ်တဲ့ ဒီလူတွေကို ကျနော့်အနေနဲ့ ဘာမှအကြောင်းကြား အကူအညီတောင်းစရာ မရှိပါဘူး။ ကုလားသတင်းထောက် ဘာညာကတော့ ကျနော် ဂရုမစိုက်ပါဘူး။ ရခိုင်ပြည်နယ်အရေး၊ မိတ္ထီလာ အရေးအခင်းတွေ ကျနော်သတင်းရေးတုန်းက ကျနော့်ကို ကုလားသတင်းထောက်ဆိုပြီး စွပ်စွဲတာတွေကြုံခဲ့ရတယ်။ အင်းဝအပ်ချုပ်ဆိုင် ကိစ္စရေးတော့ ဆိုင်ရှင်တွေက အစ္စလာမ်ဘာသာဝင်မို့လို့ အစွန်းရောက် ရခိုင်ဘာညာဆိုပြီး အချို.က ဆဲဆိုတာခံခဲ့ရတယ်။ ခု ဦးကိုနီကိစ္စလည်း ကျနော့်ကို ကုလားသတင်းထောက် ဆိုပြီးထပ်ဆဲကြတယ်။ ဆဲချင်ဆဲကြပေါ့ဗျာ။ ကျနော်တို့ကတော့ ဖြစ်ပေါ်လာတဲ့ဖြစ်ရပ်တွေကို လူမျိုးစွဲ၊ ဘာသာစွဲ၊ နယ်နမိတ်စွဲမရှိဘဲ အမှန်ကိုအမှန်အတိုင်းရေးဖို့က ကျနော်တို့တာဝန်ပဲ။ ကျနော်တို့သတိထားတာက ကိုယ်ရေးတာက မှန်ကန်တိကျဖို့၊ ဓမ္မနည်းလမ်းကျဖို့၊ လောကလူသားအချင်းချင်းထားရမယ့် လောကပါလတရားတွေကိုအထောက်အကူပြုဖို့၊ လူကိုလူလိုမြင်ပြီး၊ လူကိုလူလိုစာနာဖို့ပဲ။
မေး။ ။ တစ်ခြားဘာများဖြည့်စွက်ပြောဆိုစရာရှိလဲ။
ဖြေ။ ။ အကယ်၍ကျနော်ဖမ်းခံရရင် ကျန်ရစ်ခဲ့တဲ့ဇနီး၊သမီးငယ်နဲ. အမေ့ကို ကျနော့ကို နားလည်ဖို့တောင်းပန်ချင်ပါတယ်။ အဓမ္မ၀ါဒီတွေကို တိုက်ဖျက်ဖို့ ကျနော်တို့ ကိုယ်တွင်းသန္တာန်မှာရော၊ ကျနော်တို့ကျင်လည်နေတဲ့နေတဲ့ လူ့ဘောင်မှာရော ဓမ္မဖက် ကနေအမြဲ ထင်ထင်ရှားရှား၊ ကျယ်ကျယ်လောင်လောင်ရှိနေဖို့ လိုအပ်လို့ပါ။
လွန်ခဲ့တဲ့ ၁၈ နှစ် ကျနော်အသက် ၂၀ အရွယ်မှာကျနော့်ကို ထောက်လှမ်းရေးတွေ လာဖမ်းပြီး နိုင်ငံတော်အေးချမ်းသာယာရေးကို ပျက်ပြားစေတဲ့ ဆိုတဲ့စွဲချက်နဲ့ ထောင် ၂၁ နဲ့ချခဲ့တယ်။ အဲဒီတုန်းကလည်း ကျနော် ဘယ်ကိုမှထွက်ပြေးခဲ့တာ မဟုတ်ဘူး။ ခုလည်းထွက်ပြေးမှာ မဟုတ်ဘူး။ အဓမ္မ၀ါဒီတွေကို ရင်ဆိုင်ဖို့အသင့်ပါပဲ။

အထက်ပါအင်တာဗျူးကို Ba Kaung ဖဘ စာမျက်နှာမှ ကူးယူဖေါ်ပြထားခြင်းဖြစ်ပါသည်။