အစိုးရ အသိအမှတ်ပြု အစ္စလာမ့် ဘာသာရေး အဖွဲ့ကြီး ၅ဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ထံ ဘာတွေတောင်းဆိုထားသလဲ

(အစ္စလာမ့်ဘာသာရေး အဖွဲ့ကြီး ၅ဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ထံ ဘာတွေတောင်းဆိုထားသလဲ ဆိုတဲ့အချက်တွေ အပါအ၀င် အစ္စလာမ်ဘာသာဝင်တွေ နှောက်ယှက် ရန်စခံနေရတဲ့ဖြစ်ရပ်တွေအပေါ် ထင်မြင်ချက်သုံးသပ်ချက်တွေကို Myanmar Muslim Media က သီးသန့် အင်တာဗျူးအစီအစဉ်အဖြစ် အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ် အတွင်းရေးမှူးချုပ် ဦးတင်မောင်သန်းနဲ့မေးမြန်းထားတာတွေကို ပရိတ်သတ်အတွက် တင်ဆက်ပေးလိုက်ပါတယ်)
MMM။  ။ ပထမဆုံး စမေးချင်တာက မင်္ဂလာတောင်ညွန့်မှာ သတင်းမှားပေးပြီး အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်ခဲ့တဲ့ လှုံ့ဆော်မှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေရဲ့ဆောင်ရွက်ချက်တွေ အပေါ် ဘာများ သုံးသပ်ချင်သလဲ။
ဦးတင်မောင်သန်း။  ။ အရင် အဖြစ်အပျက်တွေနဲ့ ထူးမခြားပါဘဲ။ အရင်လိုဘဲ သူတို့ လှုံဆော်မယ်၊လူစုမယ်၊ လူစုလူဝေးနဲ့ ဆူဆူပူပူဖြစ်အောင်လုပ်မယ် အာဏာပိုင်တွေ၊ ရဲတွေက စ လှုံ့ဆော်ကတည်းက အရေးယူဆောင်ရွက်မှုတစ်စုံရာ မလုပ်ဘဲ၊ ဝရုန်းသုန်းကားဖြစ် တဲ့အထိ စောင့်ကြည့်မယ် လှုံဆော်သူတွေ အတိုင်းအတာတစ်ခု အထိ အာသာပြေပြီဆိုမှ ဟန်ပြ ရှင်းလင်းရေးတွေ လုပ်။ ဒါကိုဘဲ သာမှန်ပြည်သူနဲ့ လူနည်းစုတွေက ရင်တထိတ်ထိတ်နဲ့ကြည့်နေရတာပါ။
MMM။  ။ ဒီနှစ်အတွင်းမှာဆိုရင် တမန်တော်နေ့ အခမ်းအနားတွေကို ကန့်ကွက်တာမျိုး၊ သာကေတမှာ နှစ် ၆၀ဆယ်လောက် ၀တ်ပြုလာတဲ့နေရာကို ပိတ်ပင်ဖို့တောင်းဆိုချက် အောင်မြင်သွားတာမျိုးတွေရှိတယ်လေ ။ဒီဖြစ်ရပ်တွေအပေါ် အစ္စလာမ်သာသနာရေး အဖွဲ့တွေအနေနဲ့ အာဏာပိုင်တွေနဲ့ ဘယ်လိုမျိုး ထိတွေ့ဆောင်ရွက်ထားတာမျိုးရှိသလဲ။
ဦးတင်မောင်သန်း။ ။ အခုအရပ်သားဒီမိုအစိုးရသက်တမ်းစကတည်းက၂၀၁၆ သင်္ကြန်အပြီးနှစ်ဆန်း တစ်ရက်နေ့ မှာပဲ ရွှေတိဂုံဘုရားမှာ ဘုရားဈေးရောင်းတဲ့ အစ္စလာမ်ဘာသာဝင် ဈေးသည် ကိုရဲကိုကို အပါအဝင် (၃) ဦးကို ရိုက်နှက်ပြီးပစ္စည်းတွေ မတရားသိမ်းယူတဲ့ ဘင်္ဂလားဘုန်ကြီးကျောင်းက ဦးသုစိတ္တနဲ့အဖွဲ့ကို အမှုဖွင့် အရေးယူပေးဖို့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပေမယ့် စခန်းက အမှုမဖွင့်ပေးခဲ့သလို တစ်စုံတစ်ရာ အရေးယူတာလည်း မရှိခဲ့ပါဘူး။

ပစ္စည်းသိမ်းယူ အရိုက်အနှက်ခံရသူတွေကိုဘဲ ပစ္စည်းပြန်လာယူဖို့ နည်းမျိုးစုံနဲ့ ဖိအားပေးပြီး ပစ္စည်းတွေပြန်ယူစေပြီး နောက်ဘုရားပွဲတွေမှာ ဈေးမရောင်းဖို့ သတိပေးခဲ့ပါတယ်။ တဘက်သတ်ဖြေရှင်းခဲ့ပါတယ် ။ ဒီကိစ္စကို အရေးယူပေးဖို့ပြည်ထောင်စုသာ/ယဉ်ဝန်ကြီး၊ တိုင်းဝန်ကြီးချုပ်အပါအဝင် တာဝန်ရှိသူ အဆင့်ဆင့်ကို တိုင်ကြားခဲ့ပေမယ့်လည်း တစုံတရာ အရေးယူမှု မရှိခဲ့ဘူး။
အဲ့နောက်ပိုင်း အာဏာရှင်တွေ လက်ထက်က အတိုင်းလူနည်းစုကို လုပ်ချင်လုပ် နားလည်ပေးလိုက်မယ် ဒို့ကို ကလန်ကဆန် မလုပ်ရင်ပြီးတာဘဲဆိုတဲ့အချိုးမျိုး ဆက်ချိုးလို့ရမှန်း သိသွားတော့သခွပ်ပင်က မီးတကျီးကျီးနဲ့ ဒီအခြေအနေအထိ အတင့်ရဲရဲလုပ်လာကြတာပေါ့။
MMM။  ။ အခုဆိုရင် အရပ်သားအစိုးရဆိုတဲ့ NLD အစိုးရ အုပ်ချုပ်တာ ၁ နှစ်ကျော်ခဲ့ပြီပေါ့လေ အဲဒီတော့ အရင်က အုပ်ချုပ်ခဲ့တဲ့ အငြိမ်းစားဗိုလ်မှုးဟောင်းဦးသိန်းစိန် အစိုးရလက်ထက်နဲ့ အရပ်သားစစ်စစ် ဆိုတဲ့ အစိုးရလက်ထက် အစ္စလာမ်သာသာနာဝင်တွေရဲ့ အခြေအနေ ဘာတွေ ကွာခြားသွားသလဲ။
ဦးတင်မောင်သန်း။ ။အများကြီးကွာပါတယ်၊ အရင်တုန်းက ဒီလူတွေကို အာဏာရှင် အစိုးရဆက်ဆက်က လက်ဆင့်ကမ်း လက်သပ်မွေးလာခဲ့တယ် အကူအညီ အထောက်အပံမျိုးစုံပေးခဲ့တယ် ။သူတို့ ကိုယ်ပွားတွေလို့ မကြေငြာရုံတမည်ဘဲ
ဦးသိန်းစိန် အစိုးရတုန်းကဆို နိုင်ငံခြား မဂ္ဂဇင်းတွေရဲ့ဖေါ်ပြချက်ကို မင်းအိနြေ္ဒိ ပျက်လောက်အောင် ကန့်ကွက်ရတာနဲ့ အကြောင်းပြချက်မျိုးစုံ ကာကွယ်ပေးရတာနဲ့ အတော်ရုပ်ပျက်ပါတယ်။ ဒီနေ့ဖြစ်ပျက် ခံစားနေရတာ အားလုံးက သူတို့ပေးခဲ့တဲ့ ဆိုးမွေတွေဘဲပေါ့။
အခုအစိုးရက အဲဒီပြသနာတွေကို ရဲရဲဝံ့ဝံ့ အရေးယူဖို့တွန့်ဆုတ်နေတာရယ်၊ တိုင်းပြည်အန္ဒရာယ်ဖြစ်တဲ့အထိ ဖြစ်မလာအောင်ပြတ်ပြတ်သားသား မဖြေရှင်းဘဲ တွန့်ဆုတ်ဆုတ်ဖြစ်နေတာဟာ မီးငြိမ်းဖို့ အချိန်ဆွဲတာနဲ့ တူနေတယ်။
MMM။  ။ NLD အစိုးရ လက်ထက်မှာ ဖြစ်ပေါ်ခဲ့တဲ့ လုံးခင်း၊သူရဲသမိန် တို့မှာ ဗလီဝတ်ကျောင်းတော်တွေ အကြမ်းဖက်တိုက်ခို်က်ခံရလို့ ယနေ့အထိ ပိတ်သိမ်းထားရတာတွေရှိတယ်။မိတ္တီလာနဲ့ အခြားနေရာတွေမှာလည်း ရှိနေတယ်။ဒီတော့ သိချင်တာက ရမသွာန်(အစ္စလာမ်ဘာသာဝင်များ၏ ၀ါတွင်းကာလ)နီးလာပြီဖြစ်တဲ့အတွက် ၀တ်ပြုရာနေရာ ပိတ်သိမ်းခံထားရတဲ့ နေရာတွေက အစ္စလာမ်ဘာသာဝင်တွေအတွက် ဘယ်လိုဆောင်ရွက်ပေးဖို့ရှိသလဲ။
ဦးတင်မောင်သန်း။ ။ ကချင်ပြည်နယ်လုံးခင်းဗလီကို ပိတ်သိမ်းခြင်းမပြုဖို့ မြန်မာနိုင်ငံဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက သက်ဆိုင်ရာ အသီးသီးကို အကြိမ်ကြိမ်မေတ္တာရပ်ခံပန်ကြားနေတဲ့ကြားကအာဏာပိုင်များက မလျော်သြဇာသုံးပြီး ပိတ်သိမ်းခဲ့ရုံမက အကြမ်းဖက်သမားများ ဖျက်စီးမီးရှို့တာကိုလည်း ဟန့်တားမှုမ လုပ်နိုင်ခဲ့လို့ လုံးခင်းဗလီပြာကျခဲ့ရတယ် တရားဝင်ပိုင်ဆိုင်ကြောင်း စာရွက်စာတမ်း အပြည့်အစုံရှိတဲ့ အများမွတ်စလင်ပိုင် ဗလီမြေကိုလည်း အာဏာပိုင်တွေ မတရားသိမ်းယူခဲ့တယ်။ အခုအချိန်အထိပြန်လည်ပေးအပ်ခြင်း မရှိသေးပါဘူး။ နောက်ထပ်လည်း အစိုးရအဖွဲ့ အသစ်တာဝန်ယူတဲ့တစ်နှစ်ကျော်ကာလ အတွင်းမှာပဲ ပဲခူတိုင်းသူရဲသမိန်မှာ ဗလီ၊ ဘာသာရေး စာသင်ကျောင်းနဲ့ သုသာန်ပါ အဖျက်အစီးခံခဲ့ရပြီး မွတ်စလင်လူနည်းစုတွေရဲ့နေအိမ်နဲ့ပိုင်ဆိုင်မှုတွေလည်း ဖျက်ဆီး လုယက်ခံခဲ့ရပါတယ် လူတွေလည်းအ သက်လုပြောင်းရွှေ့ထွက်ပြေးခဲ့ကြရပါတယ်။ အခုအချိန်ထိ ကျူးလွန်သူတွေကို အရေးယူခြင်း မရှိခဲ့သလို ဖျက်စီးခံခဲ့ရတဲ့ ဗလီကိုလည်း ပြင်ဆင်ခွင့်ပြန်လည် ဖွင့်လှစ် ဝတ်ပြုခွင့်လည်း မရလို့ ဒီနေ့အထိ အဲဒီ့ဒေသက အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုကိုးကွယ်ခွင့်ပါ ဆုံးရှုံးနေရပါတယ်။ ဒါတွေက ခုအစိုးရလက်ထက်မှာ ဖြစ်ခဲ့တာ။ အဲဒါတွေပြန်ဖွင့်ခွင့်ရဖို့ကြိုးစားဆဲပါဘဲ။မနှစ်က ဥပုသ်လမှာ မြို့သစ်က ဘာသာရေးကျောင်း အချို့မှာ ဥပုသ်လ၀တ်ပြု ကိုးကွယ်မှုတွေ ပိတ်ပင်ခံရတယ်။ ဒီနှစ်လည်း အလွန်စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်။ဒါကြောင့်သာ/ယဉ်ဝန်ကြီးနဲ့ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကိုတွေ့ဆုံခွင့်တောင်းထားတာပေါ့။
MMM။  NLDအစိုးရ လက်ထက် သာသနာရေးဝန်ကြီးသူရ ဦးအောင်ကို်နဲ့ အစ္စလာမ့်ဘာသာရေး အဖွဲ့ကြီးက ခေါင်းဆောင်တွေ တွေ့ခွင့်မရသေးဘူးလို့သိရတယ်။ အဲဒီတော့ တွေ့ခဲ့ရင်ရော ဘယ်လိုကိစ္စတွေကို ဆွေးနွေးဖို့ရှိသလဲ။
ဦးတင်မောင်သန်း။ ။ အခုရင်ဆိုင်နေရတဲ့ကိစ္စတွေ အားလုံးနဲ့ အနာဂတ် တိုင်းပြည် တိုးတက်ကောင်းမွန်ရေးအတွက် တတ်နိုင်တဲ့ဘက် ပူးပေါင်းဆောင်ရွက်ပေးဖို့ပါဘဲ။ ဒါက ကျွန်တော်တို့ မြန်မာမွတ်စလင်မ်တွေ တိုင်းပြည်အတွက်ကျရာ အခန်းကဏ္ဍက သမိုင်းအစဉ်အဆက် အကျိုးပြုခဲ့တဲ့နည်းတူ ကျွန်တော်တို့မျိုးဆက်တွေလည်း ကောင်းမွေ လက်ဆင့်ကမ်းလျှက်ရှိပါတယ်။
MMM။ ။ တွေ့ဆုံတဲ့အခါ တောင်းဆိုချင်တာတွေအကြောင်း ဒီ့ထက်ပိုပြီး သိချင်ပါတယ်။
ဦးတင်မောင်သန်း။ ။တောင်းဆိုချင်တာတွေဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကိုပေးထားတဲ့စာထဲက အတိုင်းပါပဲ။

( အစ္စလာမ်ဘာသာဝင်များ အတွက်ကိုးကွယ်ဝတ်ပြုခွင့်နေရာများအား၁၉ ၆၂ နေ၀င်း အာဏာသိမ်းချိန်မှ စတင်ကာ ဆောက်လုပ်ခွင့်မရသဖြင့် ၀တ်ပြုခွင့်နေရာ အခက်အခဲကြုံတွေ့နေရခြင်း၊ ခေတ်အဆက်ဆက် တည်ရှိပြီးသော ဗလီဝတ်ကျောင်းတော်များကို သာသနာမြေ စီစစ် ထုတ်ပြန်ပေးခြင်း မရှိဘဲ သာသနာ့မြေ မဟုတ်သဖြင့် တရားမ၀င်ဟုဆိုကာ ဖျက်သိမ်းခြင်း မပြုရန်နှင့် ပိတ်ပင်ထားသော ဗလီဝတ်ကျောင်းတော်များကို အမြန်ဆုံးပြင်ဆင်ခွင့်ပြန်လည် ဖွင့်လှစ်ခွင့်ပေးရန် စသည့်အချက်များပါဝင်သည့် မေတ္တာရပ်ခံ ပန်ကြားလွှာကို နိုဝင်ဘာ ၁၄ ၊ ၂၀၁၆ ခုနှစ် ရက်စွဲဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာဘာသာရေးအဖွဲ့ကြီး က ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။MMM)

MMM။ ။ နောက်ဆုံးမေးခွန်းပါ။ အစ္စလာမ်ဘာသာဝင်တွေရဲ့လိုအပ်ချက်တွေအပေါ် အစိုးရကိုတောင်းဆိုပေးမယ်လို့  ၅ ဖွဲ့ကို မွတ်စလင်မ်ထုက အားကိုးခဲ့ကြတယ်။ ဒါပေမယ့် ၅ ဖွဲ့ဟာ မွတ်စလင်မ်ထုနဲ့ အစိုးရအကြား ချိတ်ဆက်ပေးနိုင်မှု အားနည်းနေတယ်လို့ သုံးသပ်သူတွေလည်းရှိတယ်။ အဲဒါဘာ့ကြောင့်လဲ။ အစိုးရနဲ့ဆက်သွယ်ဆောင်ရွက်တာတွေ အပေါ်မွတ်စလင်မ်ထု အပေါ် ချမပြလို့လား၊ ဒါမှမဟုတ် ၅ ဖွဲ့အပေါ် မွတ်စလင်မ်မျှော်မှန်းသလို ၅ ဖွဲ့က အစိုးရကို တောင်းဆိုပေးဖို့ရာမှာ အခက်အခဲတွေ ရှိနေလို့လား။
ဦးတင်မောင်သန်း။ ။ လိုတိုရှင်းဖြေရရင် အရင် အစိုးရတွေက ဟန်ပြ ဆက်ဆံရေးကောင်းသလို ရှိပေမယ့် ရေရှည် အကျိုးရလဒ်ကောင်းလာတာ မရှိသလောက်ပါဘဲ။ အခု အစိုးရ ကတော့ အရှေ့မှာလည်း အတုကောင်းယူစရာ စံနမူနာကောင်းတွေ မရှိခဲ့တော့ လုပ်ကိုင်တာတွေက စံမရှိသလိုလို တွန့်ဆုတ်ဆုတ်ဖြစ်နေတယ်။ ဒါကြောင့်အခုလို စိုးရိမ်ရ အခြေအနေတွေ ကြီးစိုးနေတာပေါ့။

အောင်ဈာန်သစ်
Myanmar Muslim Media