ဟာ့ဂ်ျလုပ်ဖို့လာတဲ့အင်ဒိုနီးရှားက အသက်တစ်ရာကျော်ဖွားဖွား

အင်ဒိုနီးရှားကအသက် ၁၀၄ နှစ်အရွယ်အဖွားအိုတစ်ယောက်ဟာ ဟက်ဂ်ျဝတ်ပြုခရီးစဉ်အဖြစ် ဆော်ဒီကိုရောက်ရှိလာခဲ့ပါတယ်။ ဒီနှစ်အင်ဒိုနီးရှားကနေ၀တ်ပြုခရီးထွက်လာကြတဲ့ ၂သိန်း၂သောင်းသောလူတွေထဲမှာ အသက်အကြီးဆုံးလည်းဖြစ်ပြီး အဖွားအို ဘီယက်မာရီယာဟ်ဟာ ဂျေဒက်ဟ်ကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ်။
“သူမကိုအထူးအာရုံစိုက်ကူညီပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့တာဝန်ရှိသူတစ်ချို့ဟာ သူမကိုကူညီပေးဖို့ထွက်သွားနှင့်ကြပြီ” လို့အင်ဒိုနီးရှားသာသနာရေးရာဝန်ကြီးဌာနက တာဝန်ရှိသူက ဂျာကာတာပို့စ်သတင်းဌာနကိုပြောကြားခဲ့ပါတယ်။
“ဘာသာရေးဝတ်ပြုမှုခရီးစဉ်အတွင်း မာရီယာဟ်ကိုအထူးဂရုပြုကူညီပေးသွားမှာဖြစ်သလို သူမဟာကျန်းမာရေးကောင်းမွန်ပြီး ဟက်ဂ်ျဝတ်ပြုမှုအတွက်အခက်အခဲရှိမှာမဟုတ်ဘူး”လို့ တာဝန်ရှိသူတွေကပြောကြားထားပါတယ်။ “ဟက်ဂ်ျဝတ်ပြုခရီးစဉ်မှာပါဝင်ဖို့ အင်ဒိုနီးရှား၁သန်းခန့်စောင့်ဆိုင်းနေရပြီး အများစုဟာအသက်အရွယ်ကြီးသူတွေဖြစ်ပါတယ်။ သူတို့ရဲ့အသက်အရွယ်တွေကြောင့် ကျန်းမာရေးအတွက်စွန့်စားရာကျတယ်”လို့ ဂျေဒက်ဟ်မြို့က အင်ဒိုနီးရှားကောင်စစ်ဝန် မိုဟာမက်ဟေရီဆာရီပူဒင်က အာရပ်သတင်းဌာနကိုပြောကြားခဲ့ပါတယ်။ ဆာရီပူဒင်အဆိုအရ ဒီနှစ်အတွင်းအင်ဒိုနီးရှားဝတ်ပြုသူ၂၀ဦးသေဆုံးခဲ့ပြီးပြီဟုဖော်ပြထားပါတယ်။
“ဂျေဒက်ဟ်မြို့က ဟက်ဂ်ျကောင်စစ်ရေးရာကြီးကြပ်ဆောင်ရွက်မှုတွေအပြင် အင်ဒိုနီးရှားဝတ်ပြုသူတွေကိုကူညီဖို့ မက္ကာနဲ့မဒီနာမှာ ဟက်ဂ်ျရုံးနှစ်ရုံးကိုထားရှိထားပါတယ်”လို့ ဆာရီပူဒင်ကဆိုပါတယ်။ “၀တ်ပြုသူအဖွဲ့တစ်ဖွဲ့ချင်းစီမှာ ဆေးပညာရှင်တွေကိုထည့်သွင်းထားပြီးလိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်”လို့သူကရှင်းပြခဲ့ပါတယ်။
ဟက်ဂ်ျဝတ်ပြုသူအများအပြားဟာ အသက်အရွယ်ကြီးသူတွေဖြစ်ပါတယ်။ မာရီယာဟ်ဟာဒီနှစ်မှာ အသက်အကြီးဆုံးဖြစ်နိုင်ပါတယ်။ အတိတ်ကာလတွေတုန်းကလည်း အသက်အရွယ်ကြီးတဲ့မွတ်စလင်ဝတ်ပြုသူတွေရှိခဲ့ပါတယ်။ အိန္ဒိယကဟာဘစ်မီယမ်ဟာ ၂၀၀၄ခုနှစ်တုန်းက အသက်၁၂၀ကျော်နဲ့ ဟက်ဂ်ျဝတ်ပြုသူအဖြစ်မှတ်တမ်းဝင်ခဲ့တယ်လို့ ဘီဘီစီကဖော်ပြခဲ့ပါတယ်။ မီယမ်ရဲ့ပင်စင်စာထဲမှာ သူကအသက်၁၂၅နှစ်လို့ဖော်ပြထားပေမယ့် သူက၁၃၂ခန့်ရှိတယ်လို့ယူဆရပါတယ်။
“အလ္လာဟူအရှင်မြတ်ဟာကြီးကျယ်မြင့်မြတ်လှပါတယ်။ ကျွန်တော့်ရဲ့ဟက်ဂ်ျဝတ်ပြုမှုခရီးစဉ်အတွင်း ကူညီပေးခဲ့ကြသူတွေအားလုံးကိုအရမ်းကိုကျေးဇူးတင်ပါတယ်”လို့ ဆော်ဒီကပြန်လာချိန်မှာ မီယမ်ကပြောကြားခဲ့ပါတယ်။ဒီလအစောပိုင်းတုန်းကလည်း သက်ကြီးရွယ်အိုအဖွားအိုတစ်ဦးကိုအမျိုးသားတစ်ဦးက ထမ်းပိုးပြီးကာအ်ဘာကျောင်းတော်ကို လှည့်လှယ်ခဲ့တဲ့ဗီဒီယိုဟာ လူအများကြားပျံ့နှံ့ခဲ့ပါတယ်။
ဒီအကြောင်းအရာတွေဟာ ကမ္ဘာတစ်ဝန်းလုံးကမွတ်စလင်တွေရဲ့စိတ်အားထက်သန်မှု စိတ်နှစ်မြုပ်မှုတွေကိုပြသနေတာပဲဖြစ်ပါတယ်။ အသက်အရွယ် ကျန်းမာရေး ရုပ်ပိုင်းဆိုင်ရာမသန်စွမ်းမှုတွေ ရှိပေမယ့်လည်း သန်းပေါင်းများစွာသောမွတ်စလင်တွေဟာ နှစ်စဉ်ဟက်ဂ်ျခရီးစဉ်အတွက် မက္ကာမြို့ကိုရောက်ရှိလာကြပါတယ်။
မူရင်း – Step Feed
ဘာသာပြန် – ညောင်နီရွက်