ရိုဟင်ဂျာတွေကို လိင်အကြမ်းဖက်တယ် ဆိုပြီး ကုလ အရာရှိ ICC တင်မယ်

နိုဝင်ဘာ ၁၃၊ ၂၀၁၇
BBC

မြန်မာ့ တပ်မတော်က ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့တယ်လို့ ဆိုနေတဲ့ ထိပ်တန်း ကုလသမဂ္ဂ အရာရှိတယောက်က ဒီကိစ္စကို နိုင်ငံတကာ ရာဇဝတ် တရားရုံးမှာ တင်ပြမယ်လို့ ပြောပါတယ်။

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေကို စုံစမ်းလေ့လာရေးဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Pramila Patten က စွပ်စွဲ ပြောကြားရာမှာ ရိုဟင်ဂျာတွေကို မျိုးဖြုတ်ပစ်ဖို့ ရည်ရွယ်ချက်နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို တပ်မတော်က လက်နက်ကိရိယာ သဖွယ် အသုံးပြုခဲ့တယ်လို့ သူက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် က ဒုက္ခသည်စခန်းမှာ သိန်းနဲ့ချီ ရောက်ရှိနေသူတွေကြား အမျိုးသမီးနဲ့ မိန်းကလေးတွေကို သွားရောက်တွေ့ဆုံခဲ့ပြီးနောက် သူမက အခုလို ထုတ်ဖော် ပြောကြားလိုက်တာ ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ အဓမ္မ ပြုကျင့်မှုကို လူမျိုးတုန်း သတ်ဖြတ်ဖို့ အတွက် တပ်မတော်က လက်နက်သဖွယ် အသုံးချခဲ့တယ်လို့ သူ ကပြောပါတယ်။