ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်ပို့ဆောင် လက်ခံသွားဖို့ အစီအစဉ်ကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ သဘောတူညီချက်ရရှိ

အောက်တိုဘာ ၃၊ ၂၀၁၇ Myanmar Muslim Media

ပြီးခဲ့တဲ့လတွေအတွင်း ဘင်္ဂလားဒေ့ရှ်ကို လူပေါင်းသန်းဝက်ကျော် ထွက်ပြေးခဲ့ပြီးနောက် ရိုဟင်ဂျာဒုက္ခသည်တွေ ရခိုင်ပြည်နယ်က သူတို့အိမ်တွေကို ပြန်လာဖို့ မြန်မာက ရည်ရွယ်ထားတယ်လို့ အခိုင်အမာ ဆိုထားပါတယ်။

ဒါးကမြို့မှာ တွေ့ဆုံခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအာဏာပိုင်တွေက စစ်တပ်ရဲ့စစ်ဆင်ရေးကြောင့် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာမွတ်စလင် ၅သိန်း၇ထောင်ကို ပြန်လည်ပို့ဆောင် လက်ခံသွားဖို့ အစီအစဉ်ကို ပူးပေါင်းဆောင်ရွက်သွားဖို့ တနင်္လာနေ့မှာ သဘောတူညီခဲ့ပါတယ်။

ရင်းရင်းနှီးနှီးပြောဆို ဆွေးနွေးနိုင်ခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်ခေါ်ဆောင်ဖို့ မြန်မာက ကမ်းလှမ်းခဲ့ပါတယ် လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဟ်မဟ်မွတ်အလီက မြန်မာတာဝန်ရှိသူ ဦးကျော်တင့်ဆွေနဲ့ တွေ့ဆုံပြီးနောက် ပြောဆိုခဲ့ပါတယ်။ “ဘင်္ဂလားဒေ့ရှ် ပြောချင်တာကတော့ ဒီအရေးကို ငြိမ်းချမ်းစွာနဲ့ ဖြေရှင်းချင်ပါတယ်။
ဒါကိုနှစ်နိုင်ငံလုံးက သဘောတူညီခဲ့ပါတယ်” လို့ သူက အဲလ်ဂျားဇီးယား သတင်းဌာနကို ထပ်ဖြည့်ပြောကြား ခဲ့ပါတယ်။

မြန်မာ ပြည်ထောင်စုဝန်ကြီးနဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဦးဝင်းမြတ်အေးကလည်း ဒီအရေးကို ဂျနီဗာမှာကျင်းပခဲ့တဲ့ ကုလဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR)ကော်မတီမှာ ဖော်ထုတ် ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ နောက်ထပ်ဦးစားပေးကတော့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူဖို့ပဲ” လို့ ဦးဝင်းမြတ်အေးက ဖိုရမ်မှာ ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံကို ပြန်လာချင်တဲ့သူတွေ အတွက် ပြန်လည်လက်ခံရေး အစီအစဉ်ကို အချိန်မရွေးစတင် ဆောင်ရွက်နိုင်ပါတယ်။

ဒုက္ခသည် စိစစ်ရေးကတော့ ၁၉၉၃ခုနှစ် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် အစိုးရတို့ သဘောတူညီချက် ပေါ်မှာ အခြေခံသွားမှာ ဖြစ်ပါတယ်။” လို့သူက ဆက်လက် ပြောကြားခဲ့ပါတယ်။

“ဒီနိုင်ငံက ဒုက္ခသည်တွေအဖြစ် အတည်ပြုနိုင်တယ်ဆိုရင် သူတို့ရဲ့ လုံခြုံရေးကို အပြည့်အ၀အာမခံမှုနဲ့ သူတို့ရဲ့ ရပိုင်ခွင့် ဂုဏ်သိက္ခာတွေနဲ့အတူ ဘာပြသနာမှ မရှိပဲလက်ခံသွားမှာ ဖြစ်ပါတယ်။” လို့ သူကဆိုပါတယ်။

သူ့ရဲ့မှတ်ချက်ဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေနဲ့ ထပ်တူကျနေပါတယ်။

စက်တင်ဘာ ရိုဟင်ဂျာ အရေးအခင်းပေါ်မှာ ဖော်ထုတ်ပြောဆိုဖို့ အများကြီး စောင့်ဆိုင်းခဲ့ရပြီး ၁၉၉၃ သဘောတူညီချက်နဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေကို ပြန်လည် လက်ခံသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဒီသဘောတူညီချက် အောက်မှာ ပြန်လည်လက်ခံဖို့အတွက် သတ်မှတ်ချက်တွေ လိုအပ်နေပြီး ရိုဟင်ဂျာတွေဟာ ဒီအခြေအနေတွေနဲ့ ကိုက်ညီမှုမရှိမှာကို ကြောက်ရွံနေပြီး ပူပန်မှုတွေ ရှိနေပါတယ်။

သဘောတူညီချက်ထဲမှာ သူတို့တွေဟာ ဒုက္ခသည်အဖြစ် စာရင်းပေးသွင်းထားခြင်းနဲ့ မြန်မာနိုင်ငံသား ဖြစ်တယ်ဆိုတာကို သက်သေပြဖို့ လိုအပ်ပါတယ်။

ထွက်ပြေးခဲ့သူ အများအပြားဟာ စာရွက်စာတမ်းတွေ ပြသနိုင်မှာမဟုတ်ပါဘူး။

ရိုဟင်ဂျာတွေဟာ ရာစုနှစ်ပေါင်းများစွာ နိုင်ငံတွင်း နေထိုင်လာခဲ့ပေမယ့် မြန်မာနိုင်ငံမှာ တရားမ၀င်ရွှေ့ပြောင်း လာသူတွေအဖြစ် သတ်မှတ်ခံထားရပြီး နိုင်ငံသားအဖြစ် ငြင်းပယ် ခံထားရပါတယ်။

သြဂုတ်လ၂၅ရက်နေ့ ကတည်းက ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးမှုဟာ ဒုက္ခသည် အလျင်အမြန် တိုးလာတဲ့ အရေးပေါ် အခြေအနေ အဖြစ် ကုလကဆိုထားပြီး ရိုဟင်ဂျာလူနည်းစုကို ဗုဒ္ဓဘာသာ အများစုရှိ မြန်မာနိုင်ငံက လူမျိုးတုံး သုတ်သင်မှုတွေ ပြုလုပ်နေတယ်လို့ ကုလက ဆိုထားပါတယ်။
ဒီစွပ်စွဲချက်တွေကို မြန်မာအစိုးရက ဆက်လက်ငြင်းပယ်ထားပြီး အကြမ်းဖက်မှုတွေနဲ့ ဖျက်ဆီးရေး လုပ်ရပ်တွေအတွက် ARSA သောင်းကျန်းသူအဖွဲ့ကို ပြစ်တင်ထားပါတယ်။

အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့နဲ့ ဒုက္ခသည်တွေ ပြန်လာနိုင်ဖို့ မြန်မာနိုင်ငံမှာ လုံခြုံဘေးကင်းဇုန်တွေ တည်ဆောက်ဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက တောင်းဆိုထားပါတယ်။

ကုလအချက်အလက် ရှာဖွေရေးမစ်ရှင် မြန်မာနိုင်ငံကို သွားရောက်ဖို့နဲ့ ကုလ အတွင်းရေးမှူးဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်က ပြသနာတွေကို ဖြေရှင်းဖို့ အစီရင်ခံစာထဲက အကြံပြုချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ သူမက တောင်းဆို ထားပါတယ်။

Asian Correspondent သတင်းဌာနပါ “Burma,Bangladesh to agree pllan for repatriation of Rohingya refugees” အမည်ဖြင့် ဖော်ပြထားသည့် သတင်းကို ညောင်နီရွက် (Myanmar Muslim Media)က မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုသည်။