ရိုဟင်ဂျာဒုက္ခသည်တွေကိုတိုက်ခိုက်ခဲ့တဲ့ ဘုန်းကြီးတွေကိုသီရိလင်္ကာအစိုးရကလိုက်လံဖမ်းဆီး

အောက်တိုဘာ ၂၊ ၂၀၁၇ Myanmar Muslim Media

ပြီးခဲ့တဲ့အပတ်ကရိုဟင်ဂျာဒုက္ခသည်တွေကိုတိုက်ခိုက်ခဲ့တဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတွေ ဦးဆောင်ခဲ့တဲ့အကြမ်းဖက်လူအုပ်ထဲက လူခြောက်ယောက်ကိုဖမ်းဆီးခဲ့တယ်လို့ သီရိလင်္ကာရဲဌာနကတနင်္ဂနွေနေ့မှာပြောကြားခဲ့ပါတယ်။

ဗုဒ္ဓဘာသာအများစုရှိတဲ့အစိုးရက ကိုလန်ဘိုမြို့ဆင်ခြေဖုံးမှာကလေးငယ်များအပါအ၀င် ရိုဟင်ဂျာဒုက္ခသည် စခန်းကိုအင်္ဂါနေ့ကတိုက်ခိုက်မှုအတွင်း ဘုန်းကြီးတွေဟာတိရစ္ဆာန်တွေလိုပြုမူခဲ့ကြတယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ “တိုက်ခိုက်မှုကိုဦးဆောင်ခဲ့တဲ့ဘုန်းကြီးတွေကိုကျွန်တော်တို့အတည်ပြုနိုင်ခဲ့ပြီ”လို့ စုံစမ်းစစ်ဆေးရေးမှာပါဝင်တဲ့ရဲအရာရှိတစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

“သူတို့ကိုဖမ်းဆီးဖို့ အဖွဲ့သုံးဖွဲ့ဖြန့်ချထားပြီး ဖြစ်ပါတယ်။” လို့သူကဆိုပါတယ်။

ဘုန်းကြီးတွေနဲ့သူတို့ကို ထောက်ခံသူတွေက ခဲတွေနဲ့ပစ် ပြတင်းပေါက်နဲ့ ပရိဘောဂတွေကို ဖျက်ဆီးခဲ့တဲ့ တိုက်ခိုက်မှုတွေပြီးနောက် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဆေးရုံတင်ခဲ့ရပါတယ်။

အမျိုးသားငါးဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ပြီးဖြစ်ပါတယ်။ အကြမ်းဖက်မှုကို တားဆီးဖို့ပျက်ကွက်ခဲ့တဲ့အတွက် ရဲအရာရှိတော်တော်များများကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ အစိုးရတာဝန်ရှိသူကပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ငါးလလောက်ကကျွန်းမြောက်ပိုင်းကမ်းခြေနားမှာလှေတစ်စီးနဲ့ရိုဟင်ဂျာတွေကို ရေတပ်ကတွေ့ရှိခဲ့ပြီးနောက် ဒုက္ခသည်တွေဟာ သီရိလင်္ကာကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
အဲဒီမတိုင်ခင်သူတို့တွေဟာအိန္ဒိယမှာနှစ်အတန်ကြာနေထိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း သိန်းနဲ့ချီတဲ့ရိုဟင်ဂျာမွတ်စလင်တွေဟာ မြန်မာနိုင်ငံကနေထွက်ပြေးလာခဲ့တာဖြစ်ပြီး အများစုဟာဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာနေထိုင်နေရပါတယ်။ အနည်းစုလောက်သာတောင်အာရှရဲ့တစ်ခြားဒေသတွေကို ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။

သူတို့တွေဟာနိုင်ငံနောက်ခံပြုဖိနှိပ်မှုတွေနဲ့မြန်မာနိုင်ငံမျာဆယ်စုနှစ်ပေါင်းများစွာပစ်မှတ်ထားခံခဲ့ရတာ ဖြစ်ပြီးအများအပြားက သူတို့တွေကိုဘင်္ဂလားဒေ့ရှ်ကတရားမ၀င်ရွှေ့ပြောင်းလာသူတွေအဖြစ်မြင်ကြတာဖြစ်ပါတယ်။

သီရိလင်္ကာက အစွန်းရောက်ဘုန်းကြီးတွေဟာ သူတို့လိုပဲမြန်မာနိုင်ငံက အစွန်းရောက် အမျိုးသားရေးသမားတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေတာဖြစ်ပါတယ်။

သူတို့နှစ်ဖွဲ့စလုံးဟာ နှစ်နိုင်ငံလုံးက လူနည်းစုမွတ်စလင်တွေကို အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တဲ့ စွပ်စွဲချက်တွေရှိနေပါတယ်။

အင်္ဂါနေ့တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကုလလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးကသတိပေးခဲ့ပြီး အကြမ်းဖက်မှုတွေ ဖိနှိပ်မှုတွေကနေထွက်ပြေးလာကြတဲ့အရပ်သားတွေကိုသနားညှာတာဖို့ သီရိလင်္ကာကိုတိုက်တွန်းခဲ့ပါတယ်။

ကလေးငယ်၁၆ယောက်နဲ့ အမျိုးသမီး၇ဦး အပါအ၀င်ဒုက္ခသည် ၃၁ယောက်ကို ရဲတွေကဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ပြီး ကျွန်းတောင်ပိုင်းကထိန်းသိမ်းရေးစခန်းဟောင်းကိုပို့ဆောင်ပေးခဲ့တယ်လို့ အစိုးရကဖော်ပြထားပါတယ်။

Frontier Myanmar သတင်းဌာနပါ “Sri Lanka arrests six in hunt for monks who attacked refugees from Rakhine”အမည်ဖြင့် ဖော်ပြထားသည့်သတင်းကို ညောင်နီရွက် (Myanmar Muslim Media) က မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုသည်။