ရခိုင်ပြည်နယ်က လူမျိုးတုံး သတ်ဖြတ်မှုကို တူရကီဝန်ကြီးချုပ်ဇနီး​​ ရှာတွေ့

တူရကီရဲ့လေဒီအမ်မနီအာဒိုဂန်က လည်ပတ်မှု ခရီးစဉ်အတွင်းကြာသပတေးနေ့က မြန်မာနိုင်ငံရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု သဘောမြောက်တယ်လို့ ဆိုလိုက်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးပေါ်မှာ အဖြေရှာဖို့ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ လူမျိုးတုံးရှင်းလင်းမှုတွေနဲ့ ရင်ဆိုင်နေရပြီး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာနဲ့အတူ တူရကီအစိုးရ ကရပ်တည်သွားမယ်လို့ သူမ ကအခိုင်အမာဆိုပါတယ်။ “ရိုဟင်ဂျာတွေနဲ့အတူ ကျွန်မတို့ ရပ်တည်သွားမှာပါ။ ဒီအရေးကို မြန်မာနိုင်ငံကပဲ ဖြေရှင်းနိုင်ပါတယ်။” လို့ ရိုဟင်ဂျာတွေကို စောင့်ရှောက် ကာကွယ်မှုပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်ကို ကျေးဇူးတင်ကြောင်းပြောကြားရင်း လေဒီက တစ်ဆက်တည်းပြောကြားခဲ့တာဖြစ်ပါတယ်။
ဥခီယအပ်ဇီလာက ကူတူပလန်ဂ်ရိုဟင်ဂျာ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေဆီ လည်ပတ်ရင်း အမ်မနီက မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။ “ရိုဟင်ဂျာအရေးကို ချက်ချင်းအဖြေတစ်ခုရှာနိုင်ဖို့ ကုလအထွေထွေ ညီလာခံမှာ တူရကီသမ္မတ အာဒိုဂန်က ဒီအရေးကို တင်သွင်းသွားမှာဖြစ်တယ်”လို့ အမ်မနီ ကပြောကြားခဲ့ပါတယ်။
အမ်မနီဟာ တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗ်လက်ကာဗူဆိုဂလူ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဟ်မာဟ်မွတ်အလီ၊ နိုင်ငံတကာရေးရာဝန်ကြီးဌာန ၀န်ကြီး အမ်ရှာဟ်ရီယာ၊ ပြည်နယ်ရဲမှူးတွေနဲ့ စီနီယာ အစိုးရတာဝန်ရှိသူတွေနဲ့အတူ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူတို့တွေဟာ အစိုးရတာဝန်ရှိသူတွေ၊ ရိုဟင်ဂျာအရေးဆောင်ရွက်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
တူရကီ ကိုယ်စားလှယ်အဖွဲ့ဟာ ဒုက္ခသည်စခန်းမှာ တစ်နာရီကြာတွေ့ဆုံခဲ့ပြီး ထောက်ပံ့ရေးပစ္စည်းတွေကိုဖြန့်ဝေပေးခဲ့ပါတယ်။ အမ်မနီအာဒိုဂန်ဟာ ဒုက္ခသည်စခန်းက ဒဏ်ရာရ ရိုဟင်ဂျာတစ်ချို့နဲ့စကားပြောဆိုခဲ့ပါတယ်။ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာတွေကို လမ်းမနှစ်ဖက်နဲ့ ဒုက္ခသည်စခန်းတွေမှာ ထောက်ပံ့ရေးပစ္စည်းတစ်ချို့ရဖို့မျှော်လင့်တကြီးနဲ့ကြည့်နေကြတာကိုမြင်တွေ့နိုင်ပါတယ်။
တူရကီလေဒီနဲ့ တစ်ခြားကိုယ်စားလှယ်အဖွဲ့ဟာ အထူးလေယာဉ်နဲ့နေ့လည်၁၂နာရီ၅မိနစ်မှာ Cox’s Bazar လေဆိပ် ကိုရောက်ရှိလာခဲ့ပါတယ်။ လေဆိပ်ကနေ ဥခီယာကိုကုန်းလမ်းကနေ သွားရောက်ခဲ့ပြီး နေ့လည်၁နာရီ၄၅မိနစ်မှာ ကူတူပလန်ဂ် ဒုက္ခသည်စခန်းကိုရောက်ရှိခဲ့ပါတယ်။ ဒီလည်ပတ်မှုခရီးစဉ်ဟာ မြန်မာနိုင်ငံရခိုင်ပြည်နယ်က သွေးစွန်းတဲ့အရေးအခင်းတွေကြောင့်ဖြစ်ပြီး ရိုဟင်ဂျာတွေဟာ အစုလိုက်အပြုံလိုက် ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့ကြပါတယ်။
The Independent World News သတင်းဌာနပါ “Turkish 1st Lady finds genocide in Rakhine State” အမည်ဖြင့်ဖော်ပြသည့်သတင်းကို ညောင်နီရွက်( Myanmar Muslim Media) ကမြန်မာဘာသာသို့ ဆီလျှော်အောင်ပြန်ဆိုသည်။