ရခိုင်ဒေသရှိ အစ္စလမ်ဘာသာဝင် များအား မြန်မာနိုင်ငံသားရရှိရေး ဆောင် ရွက်နေမှုအား ကျေးဇူးတင်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဆို

တူရကီနိုင်ငံခြားရေးဝန်ကြီးရခိုင်ပြည်နယ်တွင် လူမျိုးရေးနှင့် နိုင်ငံသားဖြစ်ခွင့် ပြသနာများရှိနေသော်လည်း ယင်းဒေသရှိ အစ္စလမ်ဘာသာ ဝင်များအား မြန်မာနိုင်ငံသားရရှိရေး အတွက် ဆောင်ရွက်နေမှုအား ကျေးဇူးတင်ကြောင်း တူရကီနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ မာလက် ကာဘူတိုဂလူး ပြောသည်ဟု စကားပြန်က ဆိုသည်။
“ရခိုင်မှာရှိတဲ့ အစ္စလမ်ဘာသာဝင် လူမျိုးစုတွေအတွက် မြန်မာနိုင်ငံသား ရရှိရေးအတွက် ပထမဦးဆုံးဆောင် ရွက် နေတာကိုလည်း ကျေးဇူးတင် တယ်၊ မြန်မာနိုင်ငံမှာ လူမျိုး ၁၃၅ မျိုးရှိပါတယ်၊ လူမျိုးအများကြီးရှိတာက ဒီနိုင်ငံရဲ့ ချမ်းသာ ကြွယ်ဝမှုကို ပြတာဖြစ်တယ်” ဟု ၄င်းက ပြောသည်။
တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာလက်ကာဘူတိုဂလူးသည် နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် တူရကီနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန် လျှက်ရှိပြီး မြန်မာနိုင်ငံ ပြည်ထောင်စုအ စိုးရအား ကူညီပံ့ပိုးမှုများလည်း ထပ်မံဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။
ယင်းအပြင် ရခိုင်ပြည်နယ်တွင် တူရကီနိုင်ငံ၏ တီကာ အပြည်ပြည် ဆိုင်ရာကူညီရေးအဖွဲ့အနေဖြင့်လည်း လုပ်ငန်းများဆောင်ရွက်လျှက်ရှိ ကာ ဒေသအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ကူညီထောက်ပံ့မှုများအား ခွဲခြားမှု မရှိ ဆောင်ရွက်နေကြောင်းလည်း ၄င်းက ထပ်လောင်းပြောသည်။
“အခြား နိုင်ငံတွေနဲ့ ကွာခြားတာကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ ဒေသ အစိုးရ လိုအပ်ချက်ကိုပဲ ကျွန်တော်တို့ က လုပ်ပေးတာ၊ ကျွန်တော်တို့က ဘာလုပ်ရမှာပါလို့ တောင်းဆိုတာမရှိပါဘူး၊ ဘာကြောင့်လည်းဆိုရင် ဒီနိုင်ငံ မှာရှိတဲ့ အစိုးရနဲ့ ဒေသအာဏာပိုင်တွေက သူတို့ဘာလိုလဲဆိုတာ ကျွန်တော်တို့ထက် ပိုသိလို့ပဲဖြစ်ပါတယ်” ဟု တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး က ဆိုသည်။
မြန်မာနိုင်ငံနှင့် တူရကီနိုင်ငံသည် သံတမန် သက်တမ်း ၅၈ နှစ်ရှိပြီဖြစ်ပြီး တူရကီနိုင်ငံ၌ မြန်မာနိုင်ငံသံရုံး ဖွင့်လှစ်စေချင်ကြောင်းလည်း တူရကီ ဝန်ကြီးက ထပ်လောင်းပြောသည်။
“ကျွန်မတို့အခုဆိုရင် ရခိုင်မှာအခြေအနေတွေ ပိုကောင်းအောင်လို့ လုပ်နေ ပါတယ်၊ အဲ့ဒါနဲ့ ပတ်သက်လို့ ကျွန်မ တို့ အခြေအနေကို နားလည်မှုပေးတာ ကို ကျေးဇူးတင်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးသည် ရခိုင်ဒေသသို့ သွားရောက် မည်ဖြစ်ပြီး ဒေသရှိ လူမျိုးစုခေါင်းဆောင်များအား ခွဲခြားမှုမရှိ ဘဲ တွေ့ဆုံသွား မည့်အပြင် အစ္စလမ်ဘာသာဝင်များနှင့်လည်း ဝါဖြေခြင်းလည်း လုပ်ဆောင်မည် ဟု သိရသည်။
ကိုပေါက်
မူရင်း – The Ladies News