ဒုက္ခသည်များအတွက် တူရကီနိုင်ငံမှ ပေးပို့လှူဒါန်းသော အလှူပစ္စည်းများကို ရခိုင်တပ်မတော်ထံမှ သိမ်းဆည်းရမိ

ဒုက္ခသည်များအတွက် တူရကီနိုင်ငံမှ ပေးပို့လှူဒါန်းသော အလှူပစ္စည်းများရခိုင်ပြည်နယ်တွင် ဧပြီလ ၁၇ ရက်နေ့ ဧပြီလ ၂၂ ရက်နေ့ အထိ ဖြစ်ပွားခဲ့သည့် မြန်မာ့တပ်မတော်နှင့် ရခိုင်တပ်မတော်(AA)တို့အကြား တိုက်ပွဲ အတွင်း သိမ်းဆည်းရမိသော ပစ္စည်းများအနက် တူရကီနိုင်ငံက လှူဒါန်းထားသော ရိက္ခာပစ္စည်းအိတ်များကိုလည်း တွေ့ရကြောင်း တပ်မတော် ပိုင် မြ၀တီ သတင်းဌာန က ဖော်ပြသည်။

ဧပြီလ ၂၁ ရက်နေ့က ပလက်ဝဒေသတွင် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)နှင့် တိုက်ပွဲများဖြစ်ပွားပြီးနောက် သောင်းကျန်းသူအချို့နှင့်အတူ လက်နက်ခဲယမ်းများ၊ ချပ်ဝတ်တန်ဆာများ၊ ရိက္ခာပစ္စည်းသိမ်းဆည်း ရမိကြောင်း အစိုးရ သတင်းနှင့်ပြန်ကြားရေးဌာန (MOI)၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြ၀တီသတင်းဌာနက ဧပြီလ ၂၃ ရက်နေ့တွင် ဖော်ပြသော ဓါတ်ပုံများအရ “တူရကီနိုင်ငံသူ/နိုင်ငံသားများနှင့် အစိုးရမှ လှူဒါန်းသည်”ဟု အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားပြီး တူရကီနိုင်ငံအလံနှင့် TIKA တံဆိပ်များ ရိုက်နှိပ်ထားသည့် ဆန်အိတ်ဟု ယူဆရသည့် အိတ် ၁၀၀ နီးပါးကို တွေ့ရှိရသည်။

၂၀၁၂ ခုနှစ် သြဂုတ်လမှ စတင်ပြီး တူရကီနိုင်ငံက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်ပဋိပက္ခများအတွင်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သော ရိုဟင်ဂျာမွတ်စလင် ၁၄၀၀၀ ကျော်နှင့် ရခိုင်လူမျိုး ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ တန် အထောက်အပံ့ပစ္စည်းများကို ပေးပို့လှူဒါန်းခဲ့သည်။

ရိုဟင်ဂျာနှင့် ရခိုင်ဒုက္ခသည်များထံ လှူဒါန်းပေးပို့ခဲ့သော အလှူပစ္စည်းများမှာ ရခိုင်သောင်းကျန်သူ (AA)လက်ထဲသို့ မည်သို့  မည်ပုံ ရောက်ရှိသွားသည်ကို မသိရှိရသော်လည်း ပဋိပက္ခလွန်ကာလများတွင် ရိုဟင်ဂျာမွတ်စလင်တို့ထံ ပေးပို့သောအလှူပစ္စည်းများမှာ မကြာခဏဆိုသလို ခြိမ်းခြောက် အကြပ်ကိုင် လုယက်ခံခဲ့ရသည်။ ထို့ပြင် ဒုက္ခသည်အမည်ခံ ရခိုင်နှင့် ဒိုင်းနက်လူမျိုးများထံ အစိုးရမှတစ်ဆင့် ပုံမှန်ခွဲဝေ ပေးမှုများ၊ ပဋိပက္ခတွင်မပါဝင်သော ဘူးသီးတောင်မြို့ ဈေးများတွင် ပြန်လည်ရောင်းချမှုများလည်း ရှိခဲ့သည်။

ပြီးခဲ့သည့် သင်္ကြန်ကာလတွင် ရခိုင်ပြည်နယ်မှ RSO အကြမ်းဖက်သမား ၂၀၀ လွတ်မြောက်နေဆဲဖြစ်ကြောင်း နေပြည်တော် ဒုတိုင်းရဲတပ်ဖွဲ့မှူးက တရားဝင်ပြောဆိုခဲ့သော်လည်း သင်္ကြန်အပြီးတွင် ရခိုင့်တပ်မတော်(AA)နှင့် တိုက်ပွဲများဖြစ်ခဲ့ပြီး နှစ်ဘက် စစ်သားများ ထိခိုက်ဒဏ်ရမှုနှင့် ဖမ်းဆီးခံရမှုများ ဖြစ်ပေါ်ခဲ့သည်။

Ref : Myawaddy, MOIဒုက္ခသည်များအတွက် တူရကီနိုင်ငံမှ ပေးပို့လှူဒါန်းသော အလှူပစ္စည်းများ 1

ဒုက္ခသည်များအတွက် တူရကီနိုင်ငံမှ ပေးပို့လှူဒါန်းသော အလှူပစ္စည်းများ 3

ဒုက္ခသည်များအတွက် တူရကီနိုင်ငံမှ ပေးပို့လှူဒါန်းသော အလှူပစ္စည်းများ 2