တူရကီ ရုပ်သံလိုင်းက သတင်းထောက်တွေကို မြန်မာဖမ်းဆီး

အောက်တိုဘာ ၂၈၊ ၂၀၁၇ Myanmar Muslim Media

ရိုဟင်ဂျာအရေး နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေတဲ့ ကြားက တူရကီ ရုပ်သံလိုင်း TRT အတွက် လုပ်လုပ်ပေးနေတဲ့ သတင်း ထောက်နှစ်ယောက်၊ ဘာသာပြန်နဲ့ ဒရိုင်ဘာတစ်ဦးကို လွှတ်တော်ဝင်း အနီး သောကြာနေ့က ဒရုန်းတစ်စီး လွှတ်တင်မှုအတွက် မြန်မာရဲတွေက ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။

စင်္ကာပူကသတင်းထောက် လျူဟွန်မန် မလေးရှားက သတင်းထောက် မော့က်ချိုင်လင်တို့ကို မြို့တော် နေပြည်တော် ရဲစခန်းမှာ စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီး ထားတယ်လို့ ဒေသခံ ရဲတစ်အရာရှိ တစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့အင်အား ၂၅ယောက်ပါရှိတဲ့ အဖွဲ့ဟာ ရန်ကုန်က မြန်မာဘာသာပြန်နဲ့ လူသိများတဲ့ သတင်းထောက် အောင်နိုင်စိုးရဲ့ အိမ်ကို ညနေခင်းလောက်က ၀င်ရောက်စီးနင်းခဲ့ပြီး သူ့ရဲ့ကွန်ပြူတာနဲ့ မက်မိုရီစတစ်တို့ကို သိမ်းယူခဲ့ပြီး သူ့ရဲ့ စာရွက်စာတမ်းတွေကို ရှာဖွေခဲ့ပါတယ်။

ရိုဟင်ဂျာ သောင်းကျန်းသူတွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးကြောင့် သြဂုတ်လ၂၅ရက် နေ့ကတည်းက ရိုဟင်ဂျာ ၆သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြပါတယ်။

စက်တင်ဘာလ အစောပိုင်းမှာ တူရကီသမ္မတ အာဒိုဂန်က မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ သေဆုံးမှုတွေဟာ ဒေသတွင်း မွတ်စလင်မ် အဖွဲ့အစည်းတွေကို ရည်ရွယ်ထားတဲ့ လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
လူလေးဦး ဖမ်းဆီးခံထားရတဲ့ နေပြည်တော် ရဲဌာန(၁)က အရာရှိတစ်ဦးဖြစ်သူ ရွှေသောင်းက အဖြစ်အပျက်ရဲ့ အခြေခံ အချက်တွေကို အတည်ပြုခဲ့ပြီး တရားစွဲဆိုမှုတွေ ပြုလုပ်ဖို့နဲ့ စုံစမ်းစစ်ဆေးမှုတွေ အပါအ၀င် အသေးစိတ် ဖော်ပြဖို့ ငြင်းဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ အဲဒီထက်ပိုမပြောနိုင်ပါဘူး” လို့ရွှေသောင်းက ပြောကြားခဲ့ပါတယ်။

မြန်မာရုပ်သံလိုင်း MRTV က သတင်းထောက်တွေဟာ လွှတ်တော်ဝင်းကို ဒရုန်းနဲ့ ရိုက်ကူးဖို့ ခွင့်ပြုချက် မရရှိထားဘူးလို့ ဆိုထားပါတယ်။

ရုပ်သံလိုင်းကနေ သူတို့ရဲ့ သတင်းထောက် ဗီဇာတွေကို ပြသခဲ့ပြီး နိုင်ငံခြားရေး ၀န်ကြီးဌာနက ဒီအရေးနဲ့ပတ်သက်ပြီး စင်္ကာပူနဲ့ မလေးရှားသံရုံးတို့ကို အကြောင်းကြားထားတယ်လို့ဆိုပါတယ်။

တူရကီရုပ်သံလိုင်း TRT ရဲ့ မှတ်ချက် ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

ဒီနှစ်အတွင်း မြန်မာနိုင်ငံက သတင်းထောက် တော်တော်များများ ဖမ်းဆီးခံခဲ့ရပြီး စစ်အစိုးရ အုပ်ချုပ်မှု ပြီးဆုံးပြီး အမျိုးသား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်အောက်မှာ မီဒီယာ လွတ်လပ်ခွင့် ဖိနှိပ်မှုတွေ ရှိခဲ့တဲ့အပေါ် လူ့အခွင့်အရေး အဖွဲ့တွေက သတိပေး ထားပါတယ်။

စစ်အစိုးရရဲ့ နှစ်ပေါင်း၅၀ကျော် အုပ်ချုပ်မှု ပြီးနောက် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲပေါ်မှာ ပြည်တွင်း သတင်းထောက် အောင်နိုင်စိုးက နိုင်ငံတကာ မီဒီယာနဲ့ လက်တွဲ အလုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ရဲတွေဟာ ကွန်ပြူတာတွေ စာရွက်စာတမ်း တွေအတွက်အိမ်ကို ၀င်ရောက်ရှာဖွေခဲ့ပြီး အသိအမှတ်ပြု စာရွက်စာတမ်းတွေကို တောင်းခဲ့ပြီး အောင်နိုင်စိုးရဲ့ မက်မိုရီ စတစ်တွေကို ယူသွားခဲ့တယ်လို့ သူ့မိခင် ဒေါ်သန္တာက ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ရဲတွေက သူ့ရဲ့ကွန်ပြူတာကို ဖွင့်ဖို့ လုပ်ခဲ့ပေမယ့် မရခဲ့ဘူးလို့ သူမက ဆိုပါတယ်။

“ရှာဖွေရေးဝရမ်းကို ပြဖို့သူတို့ကို ကျွန်မမေးခဲ့ပါတယ်။ ဒါပေမယ့် ရဲတွေက အဲဒီလို လုပ်စရာမလိုဘူးလို့ ပြောပါတယ် အကြောင်းက သူတို့တွေဟာ မူးယစ်ဆေးဝါးကို ရှာနေတာ မဟုတ်ဘူး”လို့ ဒေါ်သန္တာက ပြောကြားခဲ့ပါတယ်။

စီးနင်းမှုမှာပါဝင်ခဲ့တဲ့ မင်္ဂလာတောင်ညွှန့်က အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထွန်းက ရဲတွေမှာ ၀ရမ်းမပါတာကို အတည်ပြုခဲ့ပေမယ့် သူတို့တွေဟာ အဲဒါလုပ်ဖို့ မလိုအပ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

“မူးယစ်ဆေးဝါးတွေနဲ့ တရားမ၀င် လောင်းကစားတွေကို ရှာဖွေရင် ရှာဖွေရေး ၀ရမ်းကို လိုအပ်မှာပါ အဲဒီအစား ဒါပေမယ့် ဒေသခံ အုပ်ချုပ်ရေးမှူး အဲဒီမှာ ရှိနေရင်တော့ အဆင်ပြေပါတယ်” လို့ ဦးရဲဝင်းထွန်းက ပြောကြားခဲ့ပါတယ်။

ရှာဖွေမှုဟာ နှစ်နာရီနီးပါး ကြာခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့ အကြီးအကဲ၊ လ၀ကအရာရှိ၊ အထူးတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ တွေစုစုပေါင်း ၂၅ယောက် ပါဝင်တဲ့အဖွဲ့က ရှာဖွေမှုကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Reuters သတင်းဌာနပါ Shoon Naing, Wa Lone တို့ရေးသားသည့် “Myanmar detains reporters on assignment for Turkish state TV”အမည်ဖြင့် ဖော်ပြထားသည့် သတင်းကို ညောင်နီရွက် (Myanmar Muslim Media)က မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုသည်။